ကန့်ဘလူမြို့နယ်၊ ကာဘိုးရွာရှိ စစ်တပ် ကင်းပုန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး လက်နက် ၃ လက် သိမ်းဆည်းရရှိ
ရန်ကုန်၊ အောက်တိုဘာ ၂၉
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကာဘိုးရွာရှိ အကြမ်းဖက် စစ်တပ် ကင်းပုန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး လက်နက် ၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ကန့်ဘလူမြို့နယ် လှုပ်ရှား ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ကာဘိုးရွာ စာသင်ကျောင်း၌ ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးပြီး G-3 သေနတ် ၁ လက်၊ ကာဘိုသေနတ် ၁ လက်နှင့် MA-1 သေနတ် ၁ လက်တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရရှိရသည်။
“ကာဘိုးရွာ စာသင်ကျောင်းထဲမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ခွေးတွေကို ဝင်ရောက် တိုက်ခိုက်တာပေါ့။ ဝင်ပစ်ပြီးတော့ လက်နက်တွေ သိမ်းဆည်းပြီး ပြန်လည် ဆုတ်ခွာခဲ့တာလို့ သိရတယ်။ G-3 ၁ လက်၊ ကာဘို ၁ လက်နဲ့ MA-1 ၁ လက် သိမ်းဆည်းရရှိခဲ့တယ်။ ဝင်ရောက်ပစ်ခတ်တာက နံနက် ၁၀ နာရီ ၃၀ မိနစ်လောက်က ဝင်ရောက် တိုက်ခိုက်တာ ၁၁ နာရီ ၃၀ မိနစ်လောက်မှာ အပြီးသတ် ဆုတ်ခွာနိုင်တယ်။ စစ်ခွေးတွေက ရွာထဲမရှိဘူး။ ဘေးရွာတွေကို စစ်ကြောင်းရောက်နေတဲ့အချိန် ဝင်ပစ်တာ” ဟု ကန့်ဘလူမြို့နယ် လှုပ်ရှား ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ကန့်ဘလူခရိုင် တပ်ရင်း(၄) နှင့် ကန့်ဘလူမြို့နယ် ပကဖ အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။