27 C
Yangon

ခင်ဦးမြို့နယ်၊ ကားဆိပ်ရွာကို စစ်တပ်က မီးရှို့ပြီး ပြည်သူများကို ဖမ်းဆီးရိုက်နှက် ၊ နတ်မောက်တွင်လည်း စစ်တပ်က ပြည်သူ ၁၅ ဦးကို ဖမ်းဆီးနှိပ်စက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ မေ ၁၂

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦးမြို့နယ်၊ ကားဆိပ်ကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီ အင်အား ၆၀ ခန့်ဖြင့် ယနေ့ နံနက် ၆ နာရီခန့်အချိန် ဝင်ရောက် မီးရှို့ခဲ့ပြီး ကားဆိပ်ရွာရှိ ပြည်သူများ ဖမ်းဆီးထားကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရှိရသည်။

“မူးမြစ်အရှေ့ဘက် (ခင်ဦးမြို့နယ်) ကားဆိပ်ကျေးရွာကို စခတွေက ရွာကို ဝိုင်း ထားပါတယ်။ ပြည်သူတွေ ရွာပြင်ထွက်ခွင့်မရသေးဘူး။ ကားဆိပ်ရွာဘက်မှာ အိမ်တစ်လုံးကို စတင်ရှို့နေပါတယ်ဗျ” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

လက်ရှိအချိန်ထိ အကြမ်းဖက်စစ်ကောင်စီတပ်များ ကားဆိပ်ကျေးရွာအတွင်းရှိနေဆဲ ဖြစ်ပြီး ဒေသခံပြည်သူများ၏ အခြေအနေနှင့် မီးလောင်ပျက်စီးမှု အတိ အကျကို မသိရှိရသေးပေ။

ထို့ပြင် မကွေးတိုင်း နတ်မောက်မြို့နယ်ရှိ အောင်ချမ်းသာကျေးရွာ စာသင် ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းတွင် မေလ ၇ ရက်နေ့၌ အကြမ်းဖက်စစ်ကောင်စီမှ အင်အား ၇၀ ခန့်ဖြင့် တပ်စွဲနေထိုင်ခဲ့ကြောင်း၊ မေလ ၈ ရက်နေ့တွင် ဖက်တောရေကျေးရွာနှင် ကျောက်အိုးကျေးရွာမှ ဒေသခံပြည်သူ ၁၅ ဦးကို စစ်တပ်က ဖမ်းဆီးရိုက်နှက်ကြောင်း၊ ကျောက်အိုးကျေးရွာတဲစုမှ အသက် ၅၀ ကျော် အမျိုး သမီး၏ လက်မောင်းနှစ်ဖက်ကို မီးရှို့ခြင်း၊ တစ်ကိုယ်လုံးနေရာအနှံ့ ရိုက်နှက်ခြင်းတို့ ကျူးလွန်ခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သတင်းရရှိသည်။

“ဒေသခံပြည်သူတွေကို PDF တွေ အသွားအလာရှိတာ မြင်လား မေးပြီး မမြင်ဖူး မတွေ့ဖူးကြောင်း ပြောနေပေမယ့်လည်း မတရား ရိုက်နှစ်စစ်ကြောတယ်။ ဖမ်းခံရတဲ့ ၁၅ ယောက် အပြင်းအထန် ရိုက်ပုတ်ခံရတယ်။ ကျောက်အိုးကျေးရွာတဲစုမှာ တစ်ဦးတည်းနေတဲ့ အသက် ၅၀ ကျော် အမျိုးသမီးကို တစ်ကိုယ်လုံးနေရာ အနှံ့ ညိုပုပ်တဲ့အထိ ရိုက်ပြီး လက်မောင်းနှစ်ဖက်ကိုလည်း မီးရှို့တယ်ဗျာ၊ သူ့နေအိမ်တဲနဲ့ ရှိသမျှ ပစ္စည်းအားလုံးလည်း မီးရှို့ခံလိုက်ရသေးတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

ဖမ်းဆီးထားသော ပြည်သူ ၁၅ ဦးကို ၎င်းတို့ တပ်စွဲထားသည့် အောင်ချမ်းသာ ကျေးရွာကို ဖမ်းဆီးခေါ်ဆောင်စစ်မေးခဲ့ပြီး မေလ ၉ ရက်နေ့ ညနေပိုင်းတွင်မှ ပြန်လွှတ်ပေးခဲ့ကြောင်း၊ လက်မောင်းနှစ်ဖက်မီးရှို့ခံရသည့် အမျိုးသမီးပိုင်နေအိမ်တဲကိုလည်း မီးရှို့ဖက်ဆီးခဲ့ပြီး အနီးအနားရှိ ယာစောင့်တဲတစ်လုံးကိုလည်း မီးရှို့ခဲ့ကြောင်း၊ ထို့ပြင် နေအိမ်တဲများအတွင်းမှ သေတ္တာ၊ ဗီရို များကို ရိုက်ဖွင့်ကာ ပျားရည်၊ ငှက်ပျောသီးများ၊ အသုံးအဆောင်၊ ငွေကြေး၊ မုန့်၊ ဂစ်တာ၊ အစရှိသည်များအပြင် ပြည်သူပိုင်ပစ္စည်းများကိုလည်း မတရားယူဆောင်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article