မြောင်းမြထောင်တွင် နိုင်ငံရေးအကျဉ်းသား ကိုရဲရင့်အောင် အကျဉ်းဦးစီးဌာန၏ လုပ်ကြံသတ်ဖြတ်မှုမှ လွတ်မြောက်ခဲ့သော်လည်း အရိုက်ခံရသဖြင့် ဦးခေါင်းကွဲ၊ အိမ်မဲ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါက်တာပြည့်ဖြိုးကိုလည်း ထောင်တွင်း လုပ်ကြံရန် ကြံစည်နေ
ရန်ကုန်၊ နိုဝင်ဘာ ၃
ဧရာ၀တီတိုင်း၊ မြောင်းမြထောင်တွင် နိုင်ငံရေးအကျဉ်းသား ကိုရဲရင့်အောင်ကို အကျဉ်းဦးစီးဌာနနှင့် ရာဇဝတ်သားလူမိုက်တို့ ပူးပေါင်း၍ လုပ်ကြံသတ် ဖြတ်မှုတစ်ရပ်ဖြစ်ပွားပြီး ကိုရဲရင့်အောင်မှာ လုပ်ကြံမှုမှ လွတ်မြောက်ခဲ့သော်လည်း အရိုက်ခံရသဖြင့် ဦးခေါင်းကွဲသွားခဲ့ကြောင်း သိရှီရသည်။
အောက်တိုဘာလ ၁၆ ရက်နေ့ မြောင်းမြအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ကိုရဲရင့်အောင်ကို သေဒဏ်ကျ ရာဇဝတ်အကျဉ်းသား လင်းလင်းက သတ်ဖြတ်ရန်အတွက် သံချွန်ဖြင့် နောက်ကျောဘက်မှ အလစ်အငိုက် ဝင်ရောက်ထိုးခဲ့ကြောင်း၊ ရာဇဝတ်အကျဉ်းသား လူမိုက် လင်းလင်းမှာ မြောင်းမြထောင် ဒုတာဝန်ခံအရာရှိ တင့်ဆွေက လက်သပ်မွေးမြူထားသော လက် ကိုင်တုတ်ဖြစ်ကြောင်း၊ ရာဇဝတ်အကျဉ်းသား လင်းလင်းက ရန်ငြိုးရန်စမရှိဘဲ သေချာပြင်ဆင်ထားသော သံချွန်ဖြင့် နိုင်ငံရေးအကျဉ်းသား ကိုရဲရင့်အောင်ကို ထိုးသွင်းကာ သတ်ဖြတ်ရန် ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုင်ငံရေးအကျဉ်းသား ကိုရဲရင့်အောင်မှာ သံချွန်ဖြင့် ထိုးခံရချိန်တွင် အချိန်မီ ရှောင်တိမ်းနိုင်လိုက်သည့်အတွက် သံချွန်သည် အုတ်နံရံသို့သာ ထိုးမိပြီးနောက် အသက်အန္တရာယ်မှလွတ်မြောက်ခဲ့ကြောင်း၊ သို့ရာတွင် ရာဇဝတ်အကျဉ်းသား လင်းလင်းက အနီးနားတွင် ရှိနေသည့် ကွပ်ပျစ်ကြမ်းခင်းမှ ပြုတ်နေသည့် သစ်သားချောင်းကို နုတ်ယူကာ နိုင်ငံရေးအကျဉ်းသားကိုရဲရင့်အောင်၏ ဦးခေါင်းအား ရိုက်ခွဲခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဖြစ်စဉ်မတိုင်မီတစ်ရက်အလို မြောင်းမြထောင်ထောင်အာဏာပိုင် ဒုတာဝန်ခံ တင့်ဆွေမှ ရာဇဝတ်အကျဉ်းသား လင်းလင်းကို နိုင်ငံရေးအကျဉ်း သားများဖြစ်သည့် ကိုရဲရင့်အောင်နှင့် ဒေါက်တာပြည့်ဖြိုးကို ရိုက်နှက်ရန်၊ နောက်ဆက်တွဲ ပြဿနာတစ်စုံတစ်ရာဖြစ်ပွားလာမည်ဆိုပါက ၎င်းအနေဖြင့် ရှင်းလင်းပေးမည်ဖြစ်ကြောင်း နှုတ်ဖြင့် သေချာမှာကြားခဲ့သည်ကို စုံစမ်းသိရှိ အတည်ပြုနိုင်ခဲ့ကြောင်း သိရှိရသည်။
နိုင်ငံရေးအကျဉ်းသား ကိုရဲရင့်အောင်ကို လုပ်ကြံမှုဖြစ်ပွားချိန်တွင်လည်း ထောင် ဒုတာဝန်ခံ တင့်ဆွေနှင့် ကြီးကြပ်ရေးမှူး ကျော်ဇေယျတို့က လူသတ်မှု ကျူးလွန်ရန် ကြိုးစားသူ သေဒဏ်ကျရာဇဝတ်အကျဉ်းသား လင်းလင်းအား ထိရောက်သည့် အရေးယူဆောင်ရွက်ခြင်းမရှိကြောင်း သိရှိရသည်။
ထို့ပြင် အိမ်မဲ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် နိုင်ငံရေးအကျဉ်းသားဒေါက်တာပြည့်ဖြိုးကို တီဘီရောဂါသည်များထားသည့် အခန်းတွင် ထားရှိထားကြောင်း၊ ထောင်အာဏာပိုင်များ၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံနေရကြောင်း၊ နိုင်ငံရေးအကျဥ်းသားများကို ရည်ရွယ်ချက်ရှိရှိ လုပ်ကြံသတ်ဖြတ်နေသည့် ဒုတာဝန်ခံ တင့်ဆွေ၊ ကြီးကြပ်ရေးမှူး ကျော်ဇေယျတို့၏ လူ့အခွင့်အရေးချိုးဖောက်နေမှု ကိစ္စများကို တာဝန်ယူ တာဝန်ခံရမည်ဖြစ်ကြောင်း
မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ပြောဆိုသည်။
“ကိုရဲရင့်အောင်ကို အောက်တိုဘာ ၁၆ ရက်နေ့မှာ ကိုလင်းလင်းက သတ်ဖို့ စနစ်တကျပြင်ဆင်ခဲ့တာကိုလည်း တွေ့ရသလို သူ့ရဲ့ သံချွန်နဲ့ မထိုးခဲ့နိုင်တဲ့အချိန်မှာ သစ်သားချောင်းနဲ့ ရိုက်နှက်ခဲ့တဲ့အတွက် ကိုရဲရင့်အောင်ဟာ ဦးခေါင်း ၆ ချက် ချုပ်ခဲ့ရပါတယ်။ ဒီအပေါ်မှာ ထောင်အာဏာပိုင်တွေအနေနဲ့ ထိရောက်မှု ရှိတဲ့ အရေးယူဆောင်ရွက်ပေးမှု မရှိခြင်းကလည်း သတ်ဖို့ကြိုးစားသူ ကိုလင်းလင်းကို အကာအကွယ်ပြုနေခြင်းဖြစ်သလို တစ်ဖက်လှည့်ကနေ သူတို့က သတ်ဖို့ကြံစည်တဲ့ လူဟာ ကိုလင်းလင်း မဟုတ်ဘဲနဲ့ ဒုတာဝန်ခံ တင့်ဆွေ ဖြစ်တယ်ဆိုတာကို သွားပြီး တွေ့ရတယ်။ ဒီ ဖြစ်စဉ်အပေါ်မှာ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှု ရှိ၊ မရှိ ဆိုတာကို ဆက်ပြီးတော့ စောင့်ကြည့်နေသလို အဓိက ညွှန်ကြားခဲ့တဲ့ တင့်ဆွေကိုရော အကျဉ်းဦးစီးဌာနကနေ ဘယ်လိုမျိုးအရေးယူ ဆော င်ရွက်မှုမျိုး လုပ်မလဲ စောင့်ကြည့်နေပါတယ်” ဟု ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။