ကလေးမြို့နယ်၊ ထိုမာကျေးရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ ပျက်စီး
ရန်ကုန်၊ နိုဝင်ဘာ ၃
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ထိုမာကျေးရွာကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ယနေ့ နိုဝင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က ထိုမာကျေးရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ တိုက်ခိုက်မှု အတွင်း ကျေးရွာ မြောက်ဘက်ရှိ နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်သည် ထိုမာကျေးရွာကို ၂၀၂၄ ခုနှစ် မတ်လက စတင်ပြီး ဒရုန်းဖြင့် ဗုံးကျဲချ တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းဖြစ်ပြီး ယနေ့ချိန်ထိ တိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ ထိုမာကျေးရွာကို ၂၀၂၄ ခုနှစ် မတ်လ ၉ ရက်နေ့တွင် စစ်ကြောင်းထိုးပြီး ကျေးရွာသား ၁ ဦးကို သတ်ဖြတ်ကာ နေအိမ် ၁၄ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထို့သို့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက မီးရှို့ဖျက်ဆီးပြီးနောက် စစ်ကောင်စီ တပ်သားများက ထိုမာကျေးရွာကို ဒရုန်းဖြင့် ဆက်တိုက် လာရောက် ဗုံးကျဲ တိုက်ခိုက်နေ၍ ကျေးရွာနေပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည်မှာ ၈ လကျော် ကြာမြင့်နေပြီဖြစ်ကြောင်း သိရှိရသည်။
ထိုမာရွာ အနောက်ဘက် မိုင်ဝက်ခန့် အကွာရှိ ကလေးနည်းပညာတက္ကသိုလ်ကျောင်းတွင်လည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အာဏာသိမ်းပြီးချိန်ကစ၍ အခိုင်အမာ တပ်စွဲထားကြောင်း၊ ထို့ပြင် ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းကလည်း ထိုမာကျေးရွာအနောက်ဘက်ရှိ နည်းပညာတက္ကသိုလ်မှ ထွက်လာသည့် စစ်ကောင်စီတပ်သားများနှင့် တော်လှန်ရေးတပ်ဖွဲ့များ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီအဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် နိုဝင်ဘာလ ၁ ရက် နှင့် ၂ ရက်နေ့ကလည်း အကြမ်းဖက် စစ်ကောင်စီက ကလေးမြို့လေယာဥ်ကွင်းကို ထောက်ပို့လေယာဥ်များဖြင့် လူအင်အားနှင့် လက်နက် အင်အားများ ဖြည့်တင်းနေကြောင်း သိရှိရသည်။
(မျက်မှောက်ခေတ်သည် ခေတ်သစ် မီဒီယာ၏ မိတ်ဖက်ဖြစ်သည်