28 C
Yangon

ဖီမော်မြို့ကို KIA က သိမ်းပိုက်ပြီးနောက် တရုတ်-မြန်မာ ဖျင့်မာနယ်စပ်ဂိတ်ကို တရုတ်က တစ်ဖက်သတ် ပိတ်ပစ်ပြန်

Must read

ဖီမော်မြို့ကို KIA က သိမ်းပိုက်ပြီးနောက် တရုတ်-မြန်မာ ဖျင့်မာနယ်စပ်ဂိတ်ကို တရုတ်က တစ်ဖက်သတ် ပိတ်ပစ်ပြန်

ရန်ကုန်၊ နိုဝင်ဘာ ၄

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်အတွင်းရှိ ဖီမော်မြို့ကို KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိပြီးနောက် တရုတ်-မြန်မာနယ်စပ်ရှိ ဖျင့်မာနယ်စပ်ဂိတ်ကို တရုတ်ဘက်က တစ်ဖက်သတ် ပိတ်ပစ်လိုက်ကြောင်း တရုတ်-မြန်မာနယ်စပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂ ရက်နေ့တွင် KIA နှင့်ပူးပေါင်းတပ်များက ဖီမော်မြို့ကို သိမ်းပိုက်ပြီး စစ်ကောင်စီ၏ အလံကို ဖြုတ်ချလိုက်ကြောင်း၊ နိုဝင်ဘာလ ၃ ရက်နေ့ ည ၁၂ နာရီမှစတင်၍ တရုတ်က တရုတ်-မြန်မာနယ်စပ်ဂိတ်ဖြစ်သော ဖျင့်မာနယ်စပ်ဂိတ်ကို တစ်ဖက်သတ်ပိတ်ပင်လိုက်ကြောင်း၊ ပိတ်ပင်သည့် အကြောင်းအရာနှင့်ပတ်သက်၍ ထုတ်ပြန်ရာတွင် နယ်စပ်ဂိတ်တွင် စစ်ဆေးရေးစနစ် အဆင့်မြှင့်တင်ခြင်းနှင့် အခြေခံအဆောက်အအုံစနစ်များ အဆင့်မြှင့်တင်ရန်အတွက်ဟုဆိုကာ ခရီးသည်နှင့်ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို နိုဝင်ဘာလ ၃ ရက်နေ့ ည ၁၂ နာရီမှစတင်၍ ပိတ်ပင်လိုက်ကြောင်း တရုတ်ဘက်က ထုတ်ပြန်ကြေညာသည်။

” ဖီမော် နဲ့ ကပ်လျက် တရုတ်ဘက်က နယ်စပ် အဝင်အထွက်ဂိတ် ဖြစ်တဲ့ ဖျင့်မာ ဂိတ် ကို မနေ့ည ၁၂ နာရီကစပြီး ပိတ်ပင်တယ်လို့ တရုတ်ဘက်က စာထုတ်တယ်။ စာမှာ အကြောင်းပြတာက အခြေခံအဆောက်အဦ စနစ် အဆင်မြှင့်တင်ဖို့နဲ့ စစ်ဆေးရေးစနစ်တွေ အဆင့်မြှင့်တင်ဖို့ အကြောင်းပြတယ်။ ဘယ်တော့ ပြန်ဖွင့်မှာလဲဆိုတာ မဖော်ပြထားလို့ အချိန်အကန့်အသတ်မရှိ ပိတ်တဲ့သဘောပဲ” ဟု တရုတ်-မြန်မာနယ်စပ်သတင်းရင်းမြစ်က ရှင်းပြသည်။

ကချင်ပြည်နယ်၊ စစ်ကောင်စီလက်အောက်ခံ ဇခုန်တိန့်ယိမ်း၏ ကချင်အထူးဒေသ ၁ က အုပ်စိုးထားသော တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်သော ဖီမော်မြို့ကို KIA နှင့် PDF ပူးပေါင်းတပ်များက နိုဝင်ဘာလ ၂ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန် သိမ်းပိုက်လိုက်ပြီးနောက် တရုတ်ဘက်က ယင်းသို့ ပိတ်ပင်မှုများ လုပ်လာခြင်းဖြစ်ပြီး အခြားသော KIA နယ်မြေများမှ နယ်စပ်ဂိတ်များကိုလည်း တရုတ်က ပိတ်ပင်ထားသည်။

အောက်တိုဘာလ ၁၈ ရက်နေ့ ကချင်ပြည်နယ်၊ ပန်ဝါမြို့ကို KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် ညတွင်းချင်းပင် တရုတ်က KIA ထိန်းချုပ်နယ်မြေများနှင့် ဆက်စပ်နေသော နယ်စပ်ဂိတ်များကို ပိတ်ပင်မှုများ လုပ်ဆောင်ခဲ့သည်။

အောက်တိုဘာလ ၁၈ ရက်နေ့ ည ၁၂ နာရီအချိန် ကချင်ပြည်နယ်၊ KIA ထိန်း ချုပ်နယ်မြေ မိုင်ဂျာယန်၊ လိုင်ဇာနယ်မြေများနှင့် ထိစပ်လျက်ရှိသော နဘန်-လိုင်ဇာ ဂိတ်၊၊ ဆီမား-လိုင်စင် ဂိတ်၊ ခရှန် ဂိတ်များကို တရုတ်ဘက်က ပိတ်ပစ်ခဲ့ပြီး အကြောင်းပြချက်အနေဖြင့် ဂိတ်တချို့ကို ပြန်လည် အဆင့်မြှင့်တင် ပြင် ဆင်ခြင်းလုပ်ငန်းနှင့် စနစ်များ အဆင့်မြှင့်ရန်အတွက် နယ်စပ်ဂိတ်များ ပိတ်သိမ်းထားသည်ဆိုသော စာများ တရုတ်က ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် KIA က အောက်တိုဘာလ ၃၁ ရက်နေ့ ညနေ ၆ နာရီ ၂၅ မိနစ်ဝန်းကျင်အချိန် အမှတ် ၁၀၀၁ နယ်ခြားစောင့်တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်ခဲ့ပြီး အောက်တိုဘာလ ၁၄ ရက်နေ့ တွင် အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်ဌာနချုပ်စခန်းကိုလည်း ကောင်း ၊ အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၅ နာရီအချိန် အမှတ်-၁၀၀၃ BGF ဌာနချုပ်စခန်းကုန်းကိုလည်းကောင်း သိမ်းပိုက်ရရှိခဲ့ကြောင်း၊ စစ်ကောင်စီလက်အောက်ခံ ဇခုန်တန့်ယိန်း၏ NDAK လက်အောက်ခံ BGF နယ်ခြားစောင့် တပ်ရင်းဌာနချုပ်တပ်စခန်းများအားလုံးကို KIA က ထိန်းချုပ် သိမ်းပိုက်ထားပြီဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် KIA က ဇခုန်တန့်ယိန်း ထိန်းချုပ်ထားသော ချီဖွေမြို့ကို စက်တင်ဘာလ ၂၉ ရက်နေ့တွင်လည်း ကောင်း၊ ဆော့လော်မြို့ကို စက်တင်ဘာလ ၃၀ ရက်နေ့တွင်လည်း ကောင်း ၊ အောက် တိုဘာလ ၁၈ ရက်နေ့တွင် ပန်ဝါမြို့ကိုလည်းကောင်း KIA နှင့် PDF ပူးပေါင်းတပ်များက သိမ်းပိုက်ပြီးနောက် တရုတ်-မြန်မာနယ်စပ်မြို့ ဖီမော်မြို့ကိုလည်း နိုဝင်ဘာလ ၁ ရက်နေ့တွင် လည်းကောင်း သိမ်းပိုက်ခဲ့ကြောင်း၊ ထို့ကြောင့် ကချင်အထူးဒေသ ၁ တွင် တရရုတ်-မြန်မာ နယ်စပ်မြို့ဖြစ်သော ကန်ပိုက်တီးမြို့ကိုတစ်ခုတည်းကိုသာ သိမ်းပိုက်ရန် ကျန်ရှိတော့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article