ရန်ကုန်၊ မေ ၁၃
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၂၅ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစောနေအိမ်တွင် ယနေ့ နံနက်ပိုင်း ဗုံး ၂ လုံးပေါက်ကွဲပြီး စစ်တပ်က လာရောက်စစ်ဆေးချိန်တွင် ဗုံး ၃ လုံးဆက်တိုက်ပေါက်ကွဲကြောင်း ဒေသခံများထံမှ သိရှိရသည်။
ဒဂုံမြို့သစ်တောင်ပိုင်း၊ ယုဇန ၂ လမ်း ရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးစောနေအိမ်တွင် မေလ ၁၃ ရက်နေ့ နံနက် ၄ နာရီ ၂၀ မိနစ်အချိန်နှင့် နံနက် ၅ နာရီ ၂၀ မိနစ်အချိန်တွင် ဗုံး ၂ လုံး ဆက်တိုက်ပေါက်ကွဲခဲ့ကြောင်း၊ နံနက် ၆ နာရီ စစ်ကောင်စီတပ်များ ရောက်ရှိလာချိန်တွင် ဗုံး ၃ လုံးပေါက်ကွဲကြောင်း သိရှိရသည်။
“ပြည်သူ ၃ ဦးကို မသင်္ကာလို့ ဆိုပြီး ဖမ်းသွားတယ်။ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးစော ကတော့ လက်မှာ ဗုံးစ ထိတယ်လိုတော့သိရပါတယ်။ မေလ ၆ ရက်နေ့က သူ့သား ဒလန်သန့်ဇင်ဦး အသုဘကို ရပ်ကွက်က မလိုက်ပို့လို့ ရပ်ကွက်ကို မြေလှန်ပစ်မယ်လို့ ကြိမ်းဝါးခဲ့ပြီးတော့ ဗုံးခွဲခံရတာပဲ” ဟု ပြည်သူတစ်ဦးက ပြောသည်။
တောင်ဒဂုံမြို့နယ်၊ ၂၅ ရပ်ကွက်အုပ်ချုပ်ရေး၏ သားဖြစ်သူ သန့်ဇင်ဦး(ခ) ခေါင်းဖြူ၊ မြေးဖြစ်သူ မြင့်မြတ်ဟိန်းတို့သည် ဒီမိုကရေစီအရေးလှုပ်ရှားသူများကို စစ်တပ်သတင်းပေး၍ ဖမ်းဆီးခိုင်းနေသဖြင့် မေလ ၆ ရက်နေ့တွင် ပစ်သတ်ခံလိုက်ရသည်။
မေလ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်အချိန် ၂၄ ရပ်ကွက် ကြာကန်အနီးတွင် တောင်ဒဂုံမြို့နယ် ၂၅ ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး၏ သားဖြစ်သူ သန့်စင်ဦးနှင့် မြေးဖြစ်သူ မြင့်မြတ်ဟိန်းတို့ကို SDGF (ဒဂုံတောင်မြို့ပြပျောက်ကျားတပ်ဖွဲ့)က ဒို့ရိုးရာညီနောင်များ အဖွဲ့နှင့် ပူးပေါင်းပြီး ပစ်ခတ်ကြောင်း ၊ သေနတ်ဖြင့် ၁၀ ချက် ပစ် ခတ်သဖြင့် သန့်စင်ဦး နေရာတွင်ပင် သေဆုံးသွားကြောင်း၊ မြင့်မြတ်ဟိန်းမှာမူ ဒဏ်ရာရရှိပြီး ဆေးရုံတွင် သေဆုံးသွားကြောင်း၊ သန့်စင်ဦးသည် ဒီမိုကရေစီအရေးလှုပ်ရှားသူများကို ဒုက္ခပေးခဲ့သူဖြစ်ကြောင်း SDGF က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- ယမန်နှစ် တောင်ဒဂုံ ၂၅ ရပ်ကွက်တွင် ဗုံးကွဲ၍ စစ်တပ်က လုံခြုံရေး လာယူစဉ်။(ပုံအဟောင်းဖြစ်သည်)