ရန်ကုန်၊ နိုဝင်ဘာ ၈
ဥရာပသမဂ္ဂ(EU)က အရေးယူဒဏ်ခတ်ပိတ်ဆို့မှု ကြေညာပြီးနောက် စစ်ကောင်စီ လက်အောက်အခံ နယ်ခြားစောင့်BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူမှာ လူမြင်ကွင်းမှ ပျောက်ကွယ်ပြီး ထိုင်းဘက်သို့လည်း မလာတော့ကြောင်း ထိုင်းသတင်းဌာနတချို့၊ နယ်စပ်သတင်းရင်းမြစ်နှင့် BGF သတင်းရင်းမြစ်တချို့၏ ထုတ်ပြန်ပြောဆိုချက်များအရ သိရှိရသည်။
အောက်တိုဘာလ ၂၉ ရက်နေ့ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် အွန်လိုင်းငွေလိမ်လည်မှု၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုနှင့်နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ဆိုးရွားစွာ ကျူးလွန်နေသော ဗိုလ်မှူးကြီးစောချစ်သူ၊ ဗိုလ်မှူးမုတ်သုန်၊ ဗိုလ်မှူးတင်ဝင်းနှင့် ချစ်လင်းမြိုင်ကုမ္ပဏီတို့ကို ဥရောပသမဂ္ဂက ဒဏ်ပိတ်ဆို့အရေးယူကြောင်း ကြေညာခဲ့သည်။
ထိုသို့ ကြေညာပြီးနောက် ဗိုလ်မှူးကြီး စောချစ်သူသည် လူမြင်ကွင်းမှ ပျောက်ကွယ်နေကြောင်း၊ ပုံမှန်အားဖြင့် ထိုင်းဘက်လာခြင်း၊ စင်ကာပူသို့သွား ရောက်ခြင်းများ လုပ်ဆောင်လေ့ရှိသော်လည်း ဥရာပသမဂ္ဂ၏ အရေးယူမှု ခံရပြီးနောက် ထိုင်းဘက်သို့ မလာတော့ကြောင်း Thai Enquirer သတင်းဌာနက သတင်းဖော်ပြသည်။
“ဗိုလ်မှူးကြီး စောချစ်သူက ထိုင်းဘက်ကို မလာတာ အခုမှတော့မဟုတ်ဘူး။ အာဏာသိမ်းပြီး ၂၀၂၂ ခုနှစ်လောက်ကစပြီး မတွေ့ရတော့ဘူး။ BGF တပ်ဖွဲ့ဝင်တွေတော့ ဒီဘက်အဝင်အထွက်ရှိပေမယ့် ဗိုလ်မှူးကြီး စောချစ်သူနဲ့ ခေါင်းဆောင်ပိုင်းကတော့ သိပ်ကူးလူးတာမတွေ့ရဘူး။ KNU က တာဝန်ရှိသူတချို့တော့ မဲဆောက်ဘက်မှာ ကူးလူးသွားလာတာရှိတယ်” ဟု မဲဆောက်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုမှ စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။
မြ၀တီမြို့နယ်အခြေစိုက် BGF သတင်းရင်းမြစ်ကမူ ၎င်းတို့၏ ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူသည် ကျန်းမာစွာရှိနေပြီး ၎င်း၏ လုပ်ငန်းများ လုပ်ဆောင်နေဆဲဖြစ် ကြောင်း ပြောဆိုသည်။
EU ၏ ဒဏ်ခတ်ပိတ်ဆို့မှုကို ခံလိုက်ရသော မြ၀တီမြို့နယ်မှ ချစ်လင်းမြိုင်အုပ်စု (CLM) နှင့် တည်ထောင်သူ ဥက္ကဌ နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးကြီး စောချစ်သူ တို့သည် ရွှေက္ကိုလ်မြို့ အပါအဝင် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်း လိမ်လည်လှည့်စားသည့် အွန်လိုင်းလိမ်လည်မှုများစွာ လုပ်ဆောင်နေသော အသိုက်အဝန်းများမှ ငွေကြေးအရ အမြတ်အစွန်းရနေကြောင်း၊ ဗိုလ်မှူးကြီး စောချစ်သူ၏ ပိုက်နက်နေရာများတွင် အွန်လိုင်း လိမ်လည်မှု၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှု အပါအဝင် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများအတွက် အချက်အချာနေရာဖြစ်ပြီး အဓမ္မလုပ်အားပေးခိုင်းစေမှုနှင့် ညှဉ်းပန်းနှိပ်စက်မှုများ အပါအဝင် ကြီးမားသော လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပွားနေကြောင်း၊ ထို့ပြင် ချစ်လင်းမြိုင်ကုမ္ပဏီက အကြမ်း ဖက် စစ်ကောင်စီနှင့် နီးကပ်စွာ ဆက်စပ်နေပြီး စစ်တပ်ကို ဆန့်ကျင်နေသူများ၏ သတင်းများကို ပေးပို့ခြင်း၊ စစ်သားစုဆောင်းခြင်းများတွင် ပါဝင်ပတ်သက်နေသည်ဟုဆိုသည်။
ထို့ပြင် စောချစ်သူအပြင် ဒုတိယဗိုလ်မှူးကြီး မုတ်သုန်နှင့် ဗိုလ်မှူးတင်ဝင်းတို့ကိုလည်း EU ကဒဏ်ခတ်ပိတ်ဆို့ထားကြောင်း ၊ ဒုဗိုလ်မှူးကြီး မုတ်သုန်နှင့် ဗိုလ်မှူးတင်ဝင်းတို့မှာလည်း မြဝတီမြို့အနီးရှိ ရွှေက္ကိုလ်၊ KK Park Project နှင့် Huanya Project ကဲ့သို့သော အွန်လိုင်းလိမ်လည်မှု ဗဟိုစင်တာများအတွက် အလုပ်လုပ်နေကာ အွန်လိုင်းလိမ်လည်လှည့်စားမှုများမှ အကျိုးအမြတ်များ ရရှိနေကြောင်း EU က ဆိုသည်။
အလားတူ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင်လည်း BGF မှ ဗိုလ်မှူးကြီး စောချစ်သူ၊ ချစ်လင်းမြိုင် ကုမ္ပဏီ ဒါရိုက်တာစောမင်းမင်းဦး၊ မြန်မာရထိုက် ကုမ္ပဏီက ရှယ်ယာရှင် ရှီကျွာကျန်း ( She Zhijiang ) တို့ကို ဗြိတိန်နှင့် မိတ်ဖက်နိုင်ငံများက ဒဏ်ခတ်ပိတ်ဆို့ အရေးယူကြောင်း ကြေညာခဲ့သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar