ရန်ကုန်| နိုဝင်ဘာ ၈
ရခိုင်ပြည်အတွင်းသို့ တရားမဝင် ဝင်လာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ၂၀ ဦးကို အာရက္ခတပ်တော် AA က ဖမ်းဆီးခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်ရဲတပ်ဖွဲ့ထံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်မှလာသော သတင်းများအရ သိရှိရသည်။
နိုဝင်ဘာလ ၅ ရက်နေ့ ရခိုင်ပြည် ပိုင်နက် အတွင်းသို့ ကျူးကျော်ဝင်ရောက်ပြီး ငါးဖမ်းနေသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၀ ဦးကို ငါးဖမ်းလှေများနှင့်အတူ AA ၏ ကမ်းခြေစောင့်တပ်သားများက ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ၂၀ ဦးကို နိုဝင်ဘာလ ၇ ရက်နေ့ ညနေတွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်ရဲတပ်ဖွဲ့ထံသို့ ပြန်လည်လွဲပြောင်းပေးခဲ့ခြင်း ဖြစ်ကြောင်း ၊ အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများက ငါးဖမ်းနေစဉ် ဘင်္ဂလား-မြန်မာနယ်စပ် သုညမျဉ်းကို မတော်တဆ ဖြတ်ကျော်ပြီး ရခိုင်ပြည် ရေပိုင်နက်ထဲ ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး အာရက္ခတပ်တော် ကမ်းခြေစောင့်တပ်ဖွဲ့က ၎င်းတို့ကို တရားမဝင် ဝင်ရောက်မှုဖြင့် လှေနှင့်အတူ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၂၀ ဦးသည် ဘင်္ဂလားပင်လယ်အော်တွင် နိုဝင်ဘာ ၅ ရက်နေ့ ငါးဖမ်းခဲ့စဉ် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ပြန်လည် လွတ်မြောက်လာသူများက ဝန်ခံထားသည်။
ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်ရဲတပ်ဖွဲ့ က အာရက္ခတပ်တော် AA နှင့် ဆက်သွယ်ပြီးနော် ဖမ်းဆီးခံထားရသော ငါးဖမ်းသမား ၂၀ ဦးကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ခဲ့ကာ ၎င်းတို့ကို မိသားစုများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၄ ရက်ကနေ့ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆ ဦးသည် ပင်လယ်ဓားပြအဖွဲ့တစ်ဖွဲ့၏ ဓားပြတိုက်ခြင်းကို ခံခဲ့ရပြီး ၎င်းတို့ကို မော်တော်ဘုတ်ထက်၌ပင် ဖမ်းဆီး လှောင်ပိတ်ခြင်းကို ခံခဲ့ရကြောင်း၊ အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆ ဦးကို အောက်တိုဘာလ ၇ရက်နေ့ တွင် အာရက္ခကမ်းခြေစောင့်တပ်က မောင်တောမြို့နယ် ကျောက်ပန္ဒူကမ်းခြေအနီးတွင် ကယ်တင်နိုင်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်သို့ ပြန်လည် လွှဲပြောင်းပေးခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar