29 C
Yangon

မန္တလေး၊ အိုးဘိုထောင်တွင် ရေမလုံလောက်မှုကြောင့် အကျဥ်းသား၊ အကျဥ်းသူများ ချိုးရေအပြင် အိမ်သာရေပါ ခက်ခဲနေပြီး ယားနာ ဖြစ်ပွားမှုများ ပိုမိုဆိုးရွားလာ

Must read

မန္တလေး၊ အိုးဘိုထောင်တွင် ရေမလုံလောက်မှုကြောင့် အကျဥ်းသား၊ အကျဥ်းသူများ ချိုးရေအပြင် အိမ်သာရေပါ ခက်ခဲနေပြီး ယားနာ ဖြစ်ပွားမှုများ ပိုမိုဆိုးရွားလာ

ရန်ကုန်၊ နိုဝင်ဘာ ၈

မန္တလေးတိုင်း၊ အိုးဘို အကျဉ်းထောင်တွင် ရေမလုံလောက်မှုကြောင့် အကျဥ်သား၊ အကျဥ်းသူများ ချိုးရေအပြင် အိမ်သာရေပါ ခက်ခဲနေပြီး ယားနာ ဖြစ်ပွားမှုများ ပိုမိုဆိုးရွားနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အိုးဘို အကျဉ်းထောင် အာဏာပိုင်များက အဆောင်များတွင် လျှပ်စစ်မီး ပုံမှန်မရရှိသောကြောင့် ဆိုသော အကြောင်းပြချက်ဖြင့် ရေချိုးခွင့်ကို ကန့်သတ်ထားကြောင်း၊ အကျဉ်းသား၊ အကျဥ်းသူများသည် တစ်ကိုယ်ရည်သန့်ရှင်းမှုများ မရှိဘဲ ယားနာဖြစ်ပွားမှုလည်း ပိုမိုဆိုးရွားလာခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ အိုးဘိုထောင်တွင် ထောင်အခေါ် ပုံစံဖြင့် ရေကို ခွက်အရေအတွက်ဖြင့်သာ ချိုးခိုင်းနေပြီး နိုင်ငံရေးအကျဉ်းသားတစ်ဦးလျှင် ရေ ၁၀ ခွက်မှ ရေအခွက် ၂ အကြားသာ အသုံးပြုခွင့်ပေးကြောင်း သိရှိရသည်။

“လက်ရှိအိုးဘိုထောင်မှာ လူဦးရေ ၇၀ ကို ကျပ်ကျပ်ညှပ်ညှပ်နေရတဲ့ အခန်းတွေ၊ အထူးသဖြင့် အမျိုးသမီးဆောင်တွေမှာ လူဦးရေ ၁၀၀ ကျော်လောက်ကို ပြည့်ကျပ်စွာ နေနေရတယ်။ ပြီးခဲ့တဲ့ ၁၀ လပိုင်းက စပြီး အိုးဘိုမှာ မီးမမှန်တော့တဲ့အတွက် ချိုးရေမလုံလောက်တော့ဘူး။ ချိုးရေ အပြင် အိမ်သာရေပါ ခက်ခဲ့လာတယ်။ အခန်းကလည်း ပြည့်ကျပ်နေတယ်။ ချိုးရေလည်း မရ အိမ်သာရေလည်း ခက်ခဲတော့ တစ်ယောက်ဝင်သွားရင် အနံ့က တစ်ခန်းလုံးပျံ့နေတာမျိုး ဖြစ်လာတယ်။ ဒါကြောင့် ယားနာတွေလည်း ဖြစ်ပွားနေပါတယ်။ ပြီးတော့ အနံ့ အသက်မကောင်းတော့ စိတ်ပိုင်းဆိုင်ရာအရပါ ထိခိုက်လာတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထို့ပြင် အကျဉ်းထောင်အတွင်းတွင် အကျဉ်းသားတစ်ဦးကို အဝတ်အစား နှစ်စုံသာ ထောင်မှ ပေးထားပြီး လက်ရှိ အိုးဘိုထောင်တွင် အဝတ်အစားများ လျှော်ဖွတ်ရာတွင် ရေအသုံးပြုခွင့်အကန့်အသတ်များကြောင့် ကောင်းစွာ လျှော်ဖွတ်ခွင့်မရရှိဘဲ အနံ့အသက်အနည်းငယ်ပျောက်ကင်းရုံသာ လျှော်ဖွတ်နေကြရပြီးနောက် ပြန်လည် ဝတ်ဆင်နေရကြောင်း သိရှိရသည်။

အလားတူ အိုးဘိုအကျဉ်းထောင်တွင် အိမ်သာရေ အလုံအလောက်မရသည့်အတွက်လည်း အကျဉ်းသား၊အကျဉ်းသူများ အားလုံး အခက်တွေ့နေကြရပြီး အိမ်သာရေမရှိစဉ် အိမ်သာသွားသည့် အကျဉ်းသား၊အကျဉ်းသူများမှာလည်း အညစ်အကြေးများကို သန့်ရှင်းအောင်မပြုလုပ်နိုင်ခြင်းကြောင့် အခန်းတွင်း အနံ့အသက်ဆိုးရွားမှုများ ဖြစ်ပေါ်မှုကို နိုင်ငံရေးအကျဉ်းသား အကျဉ်းသူ များ အဓိက ရင်ဆိုင်နေကြရကြောင်း၊ အခန်းအတွင်း အိမ်သာရေမရှိ၍ တန်းဖွင့်ချိန် (အခန်းပြင်ပသို့သွားလာခွင့်ရချိန်) မရောက်ခင် အထိ အောင့်ထားကြရသည့်အတွက် နောက်ဆက်တွဲ ကျန်းမာရေးထိခိုက်မှုများလည်း ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

အကျဉ်းထောင်တွင် သတ်မှတ်လူဦးရေထက် ကျော်လွန်စွာထားသည့်အတွက် နေထိုင်ရေးတွင် ကြပ်တည်းစွာ နေထိုင်နေကြရပြီး တစ်ဦးနှင့်တစ်ဦး ထိကပ်နေသည့်အတွက်လည်း အဆိုပါ ထိကပ်မှုများမှတဆင့် ယားနာကူးစက်မှုများ ဖြစ်ပေါ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ဆက်လက်ပြောဆိုသည်။

ဓာတ်ပုံ- စစ်ကောင်စီအကျဉ်းထောင်များတွင် အချုပ်သားတချို့ကို ထောင်ဝန်ထမ်းများက စစ်ဆေးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article