29 C
Yangon

မြင်းမူမြို့ရှိ စစ်တပ် တပ်စွဲထားသော ဝန်ထမ်း အိမ်ယာဝင်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၂ ဦး ပွဲချင်းပြီးသေဆုံး

Must read

မြင်းမူမြို့ရှိ စစ်တပ် တပ်စွဲထားသော ဝန်ထမ်း အိမ်ယာဝင်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၂ ဦး ပွဲချင်းပြီးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၃

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ရှိ အကြမ်းဖက် စစ်တပ်တပ်စွဲထားသော ဝန်ထမ်းအိမ်ယာဝင်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်အဆင့်ရှိသူ ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း Dog Killers People’s Defence Force Myinmu မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ နိုဝင်ဘာလ ၁၃ ရက် နံနက် ၄ နာရီ မိနစ် ၃၀ ခန့်မှ စတင်ပြီး မြင်းမူမြို့ အရှေ့ခြမ်း ဧရာဝတီ မြစ်ကမ်းဘေးရှိ အကြမ်းဖက်စစ်သား ၂၀ ခန့် တပ်စွဲထားသော ဝန်ထမ်းအိမ်ယာဝင်းကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်အဆင့်ရှိသူ ၂ ဦးပွဲချင်းပြီးသေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူများလည်းရှိကြောင်း သိရသည်။

“ဝန်ထမ်း အိမ်ယာဝင်းကို ရောက်တော့ နံနက် ၄ နာရီခွဲဝန်းကျင်ရှိပြီ ပစ်ခတ်ချိန်ကတော့ နံနက် ၅ နာရီလောက်မှ စတင်ပစ်ခတ် တိုက်ခိုက်ခဲ့တာ သူတို့က ဝန်ထမ်း အိမ်ယာ အဆောက်အဦဆိုတော့ ၄ ထပ်ဆောင် အပေါ်ဆုံးထပ်မှာနေတာ ကျနော်တို့က မြေပြင်ကနေ တိုက်ရတာ သူတို့က အပေါ်စီးကနေ ပစ်တာ မြင်းမူမြို့ထဲမှာ ရှိတဲ့ အထက ၁ ကျောင်းထဲကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးတယ်။ နေရာကလည်း သိပ်မဝေးဘူး။ ဗိုလ်အဆင့်ရှိသူ ၂ ဦးသေတယ်။ ပစ်ခတ်နေစဉ်အတွင်းမှာပဲ သူတို့ဘက် ငိုသံတွေလည်းကြားရတယ်။ ဝင်စီးဖို့ကတော့ ဘယ်လိုမှ အဆင်မပြေဘူး။ ကျည်လဲမရှိလို့ ပြန်ဆုတ်လာခဲ့ရတာ” ဟု Dog Killers People’s Defence Force Myinmu မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယင်းတိုက်ပွဲအတွင်း မြင်းမူမြို့ပေါ်ရှိ အထက ၁ ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများက လက်နက်ကြီးများဖြင့် ပစ်ကူပေး တိုက်ခိုက်ခဲ့ပြီး သံပြားကာ ကားများဖြင့်လည်း စစ်ကူများ ရောက်ရှိလာသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

“အခုလိုဝင်တိုက်နိုင်ဖို့က ကျနော်တို့ ရတဲ့အလှူငွေလေးနဲ့ ကျည်ဖြည့်တယ်။ ရတဲ့ကျည်လေးနဲ့ သွား တိုက်လိုက် ကျည်ပြန်စုလိုက်နဲ့လုပ်နေရတာ ဒီကောင်တွေက ကျနော်တို့ကို စိန်ခေါ်တယ်။ မင်းတို့ PDF တွေ ငကြောက်တွေ မင်းတို့ PDF တွေ ငါတို့ဘာမှ မလုပ်ပါဘူးဆိုပြီး စိန်ခေါ်တယ်။ ဟိုရပ်ကွက် ဝင်ဆွဲလိုက်၊ ဒီရပ်ကွက်ဝင်ဆွဲလိုက် ကလေးတွေကို ရိုက်နှက်လိုက်နဲ့ လုပ်ပြနေတာ ကျနော်တို့က လက်ပိုက်ကြည့်နေတာမဟုတ်ဘူး။ သူတို့ကို လုပ်ချင်တဲ့စိတ်ကရှိတယ်။ လက်နက်ကလည်း လုံလုံ လောက်လောက်မရှိတာရယ် ကျည်ဆံကလည်း လုံလုံလောက်လောက်မရှိတာရယ်ကြောင့် ငြိမ်နေ လိုက်ရတာရှိတယ်။ ကျည်ဆံလုံလုံလောက်လောက်သာရှိရင်တော့ ပွဲများများကပြီး မြန်မြန်ပြီးနိုင်တာပေါ့ ဒါကြောင့်မိဘပြည်သူတွေအနေနဲ့ ကျည်ဆံဖိုးလေး ဝိုင်းဝန်းကူညီပေးကြပါလို့ မေတ္တာရပ်ခံချင် ပါတယ်” ဟု Dog Killers People’s Defence Force Myinmu မှ တာဝန်ရှိသူတစ်ဦးက ပြောဆို သည်။

အဆိုပါ တိုက်ခိုက်မှုကို Dog Killers People’s Defence Force Myinmu (DK-PDF MMU) ၊ Moe Nyo Revolution Force (M.N.R.F.) ၊ ဇေယျာရွှေမြေ ၊ အနောက်ခြမ်း ပ.က.ဖ စသည့် ညီနောင် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article