ပြည်ပရောက် မြန်မာများ စစ်မှုထမ်းရန် ဆင့်ခေါ်ချိန် ပြန်မလာပါက နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခွင့်ပိတ်ပင်မည်၊ ပြည်တွင်းပြန်ရောက်လျှင် စစ်မှု ထမ်း ဥပဒေအရ ထောင်ဒဏ်ချမှတ် အရေးယူမည့်အပြင် ပြည်ပထွက်ခွာခွင့် ရာသက်ပန် ပိတ်ပင်မည်
ရန်ကုန်၊ နိုဝင်ဘာ ၁၆
ပြည်ပနိုင်ငံများတွင်ရောက်ရှိ နေထိုင်ကြသော မြန်မာနိုင်ငံသားများအနေဖြင့် စစ်ကောင်စီက စစ်မှုထမ်းရန် ဆင့်ခေါ်ချိန် ပြည်တွင်းသို့ ပြန်မလာဘဲ စစ်မှု ထမ်းရန် ရှောင်တိမ်းပါက နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခွင့်မပြုဘဲ ပြည် တွင်း ပြန်ရောက်လျှင်လည်း စစ်မှုထမ်းဥပဒေအရ ထောင်ဒဏ်ချမှတ် အရေးယူမည်ဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက လက်ရှိတွင် ပြည်ပရောက်ရှိနေသော မြန်မာနိုင်ငံသားများအနက်မှ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အကျုံးဝင်နေသော မြန်မာနိုင်ငံသားများ၏ စာရင်းကို ပြုစုလျက်ရှိကြောင်း၊ ယင်းစာရင်းကို စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က ပြုစုနေခြင်းဖြစ်ပြီး ယင်းပြည်ပရောက် မြန်မာများစာရင်းတွင် အလုပ်သမားများ၊ ကျောင်းသားများ၊ အကြောင်းအမျိုးမျိုးဖြင့် ပြည်ပရောက်ရှိနေသူများ အားလုံး အကျုံးဝင်ကြောင်း သိရှိရသည်။
ပြည်ပရောက် မြန်မာများကို စစ်မှုထမ်းရန် ဆင့်ခေါ်ရာတွင် သက်ဆိုင်ရာနိုင်ငံများမှ စစ်ကောင်စီ လက်အောက်ခံ မြန်မာသံရုံးများက စာရင်းနှင့်တကွ ထုတ်ပြန်မည်ဖြစ်ကြောင်း၊ ဆင့်ခေါ်ချိန်တွင် မလာရောက်သော ပြည်ပရောက် မြန်မာများကို သံရုံးများက နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခွင့် ပိတ်ပင်မည်ဖြစ်ကြောင်း၊ ယင်းအပြင် စစ်မှုထမ်းရန် တိမ်းရှောင်သော ပြည်ပရောက် မြန်မာများ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာပါကလည်း စစ်မှုထမ်းဥပဒေအရ ထောင်ဒဏ်ချမှတ်အရေးယူမည်ဖြစ်ကြောင်း၊ ထောင်ဒဏ်ချမှတ်ပြီးနောက်လည်း ပြည်ပထွက် ခွင့် ရာသက်ပန် ပိတ်ပင်မည်ဖြစ်ကြောင်း သိရှိရသည်။
“ပြည်ပရောက်ပြီးတော့ အခွန်မဆောင်တာ၊ ပြည်တွင်းကို ဘဏ်လမ်းကြောင်းကနေ တစ်ဆင့် ငွေပြန်မလွှဲတာ၊ စစ်မှုထမ်းဖို့ ဆင့်ခေါ်ချိန် မလာတာတွေကို နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခွင့်ပိတ်ပင်ပြီး အရေးယူဖို့ ညွှန်ကြားထားတယ်။ စစ်မှုထမ်းဥပဒေအရကတော့ စစ်မှုထမ်းဖို့ ရှောင်တိမ်းရင်တော့ ပြည်တွင်း ပြန်ရောက်တဲ့အခါမှာ ပြည်သူ့စစ်မှုထမ်းဥပဒေမှာပါတဲ့ ပြစ်မှု ပြစ်ဒဏ်တွေအရ ဖမ်းဆီး ထိန်းသိမ်း တရားစွဲဆို ထောင်ဒဏ်ချမှတ်မယ့်အပြင် ရာသက်ပန် ပြည်ပထွက်ခွာခွင့်လည်း ပိတ်ပင်ခံရမယ်။ Black List ဖြစ်မယ်” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။
ပြည်ပရောက် မြန်မာနိုင်ငံသားများအနက်မှ စစ်မှုထမ်းရန်အတွက် အကျုံးဝင်သော အရေအတွက် သန်းနှင့်ချီရှိနိုင်ပြီး စာရင်းအတိအကျ ရရှိစေရန် ပြုစုလျက်ရှိကြောင်း၊ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားများအားလုံးသည် မည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ မြန်မာနိုင်ငံသားများဖြစ်နေသမျှ ကာလပတ်လုံး ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန် တာဝန်ရှိကြောင်း သိရှိရသည်။
စစ်ကောင်စီက မကြာမီ ထုတ်ပြန်ကြေညာရှိနေသော ပြည်သူ့စစ်မှုထမ်းနည်းဥပဒေတွင်လည်း ပြည်ပ ရောက် မြန်မာများ စစ်မှုထမ်းဆင့်ခေါ်ရန် ပြဋ္ဌာန်းချက်တချို့ ပါဝင်နေပြီး လိုအပ်သော အမိန့်နှင့်ညွှန်ကြားချက်များကိုလည်း ဆက်လက် ထုတ်ပြန်ရန် ရှိနေကြောင်း သိရှိရသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များအနေဖြင့် စစ်မှု ထမ်းရန် ပျက်ကွက်လျှင် ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း၊ စစ်မှုထမ်းရန်တိမ်းရှောင်ကြံစည်လျှင် ထောင်ဒဏ် ၅ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း၊ စစ်မှု ထမ်းရန် ပျက်ကွက်သူ၊ တိမ်းရှောင်ရန် ကြိုးစားသူကို ကူညီပါက ထောင်ဒဏ် ၁ နှစ် ချမှတ်နိုင်ကြောင်း ပြည်သူ့စစ်မှုထမ်းဥပဒေတွင် ပြဋ္ဌာန်းထားသည်။
စစ်ကောင်စီက ပြဋ္ဌာန်းထားသော ပြည်သူ့စစ်မှုထမ်းဥပဒေတွင် စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ ဆိုသည်မှာ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်း ကောင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၄၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း၊ ကျွမ်း ကျင်သူ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံ သားကိုလည်းကောင်း ဆိုလိုကြောင်း ဖော်ပြထားသည်။
ဓာတ်ပုံ- ပြည်ပသို့ အကြောင်းအမျိုးမျိုးဖြင့် ထွက်ခွာနေကြသည့် မြန်မာလူငယ်များကို ရန်ကုန်လေဆိပ်တွင် တွေ့ရစဉ်။