ရွှေတောင်မြို့နယ်၊ ယင်းမှုကုန်းရွာသား ဦးမိုးကြီးကို အုပ်ချုပ်ရေးမှူးနှင့် စစ်သားများက ထွေအုပ်စာရေး အေးမင်းနိုင် ပစ်ခတ်ခံရမှုနှင့် ပတ်သတ်သည်ဟု စွပ်စွဲ၍ ရိုက်နှက် ဖမ်းဆီးသွား
ရန်ကုန်၊ နိုဝင်ဘာ ၁၆
ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ်၊ ယင်းမှုကုန်းရွာသား ဦးမိုးကြီးကို အုပ်ချုပ်ရေးမှူးနှင့် စစ်သားများက ထွေအုပ်စာရေး အေးမင်းနိုင် ပစ်ခတ်ခံရပြီးနှင့် ပတ်သတ်သည်ဟု စွပ်စွဲ၍ ရိုက်နှက် ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။
နိုဝင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ယင်းမှုကုန်းရွာ အောင်ချမ်းသာရပ်ကွက်တွင် နေထိုင်သော အသက် ၅၀ ကျော် အရွယ် ဦးမိုးကြီးကို ယင်းမှုကုန်းရွာ အုပ်ချုပ်ရေးမှူး ဦးဖိုးလုံး ဦးဆောင်သော စစ်ကောင်စီတပ်သား ၈ ဦးခန့်က နေအိမ်အတွင်း ဝင်ရောက် ရိုက်နှက်၍ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
ယင်းမှုကုန်းရွာသား ဦးမိုးကြီးကို အုပ်ချုပ်ရေးမှူးနှင့် စစ်ကောင်စီ တပ်သားများက ထွေအုပ်စာရေး အေးမင်းနိုင် ပစ်ခတ် တိုက်ခိုက်ခံရမှုနှင့် ပတ်သတ်ပြီး တရာခံဖမ်းဆီးနိုင်ခြင်းမရှိသောကြောင့် စွပ်စွဲဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရွှေတောင်မှာတော့ စစ်ခွေးတွေက အပြစ်မဲ့ ပြည်သူတွေကို စွပ်စွဲပြီး ဖမ်းဆီးတာတွေ ဆက်တိုက် လုပ်ဆောင်နေတာ မိသားစုနဲ့ အဆက်အသွယ်မရတော့ဘဲ ဘယ်ရောက်လို့ ရောက်မှန်းမသိ ဖြစ်သွားကြတယ်။ လအနည်းငယ်အကြာခန့်မှာတော့ သေဆုံးသွားပါပြီဆိုပြီး ဓာတ်ပုံလာကြည့်အတည်ပြုပါဆိုပြီး မိသားစုတွေကို ခေါ်တာမျိုးတွေရှိနေပါတယ်၊ မိသားစုတွေကိုလည်း ခြိမ်းခြောက်ထားတာတွေကြောင့် မည်သူ တစ်ဦးတစ်ယောက်မှ ထုတ်ဖော်ပြောကြားတာတွေ မရှိခဲ့ပါဘူး” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။
ရွှေတောင်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က အပြစ်မဲ့ ပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်ပြီး ပုဒ်မမျိုးစုံတတ်၍ သတ်ဖြတ်မှုများ ကျူးလွန်နေကြောင်း သိရသည်။
Photo – အုပ်ချုပ်ရေးမှူးနှင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက မတရားစွပ်စွဲ ဖမ်းဆီးသွားသော ဦးမိုးကြီး