မိုင်းငေါ့မြို့ကို စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၃၀၀ ဗုံးကျဲချ တိုက်ခိုက်မှု ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၁၅ လုံးပျက်စီး
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၃၀၀ ဗုံးကျဲချ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၅ ဦး ထိခိုက် ဒဏ်ရာရပြီး နေအိမ် ၁၅ လုံးပျက်စီးခဲ့ကြောင်း TNLA ကပြောဆိုသည်။
ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၁ နာရီ ၃၅ မိနစ်နှင့် ၁၁ နာရီ ၃၈ မိနစ်ခန့်တွင် မိုင်းငေါ့မြို၊ မန်လုံရပ်ကွက်ကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၃၀၀ ဗုံး ၂ လုံး လာရောက် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း အမျိုးသမီး ၅ ဦး ထိခိုက် ဒဏ်ရာရပြီး နေအိမ် ၁၅ လုံး ထိမှန် ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အလားတူ ဒုဌဝတီတံတားနှင့် ကျောက်ဂူလမ်းတွင် ရှိနေသည့် အကြမ်းဖက် စစ်တပ်က ၁၂၂ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နောင်ချိုမြို့နယ် သရက်ချိုကျေးရွာတွင် ကျရောက်ပေါက်ကွဲပြီး ဒေသပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်သည် လေကြောင်း အသုံးပြုပြီး နေ့စဥ်ရက်ဆက် ပြည်သူများကို ဦးတည်၍ ဗုံးကျဲချ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူများထိခိုက်သေဆုံးမှုရှိပြီး ပြည်သူပိုင်နေအိမ်များလည်း ထိခိုက်ပျက်စီးရှုံးဆုံးခဲ့ကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေး သတိရှိရန် လိုအပ်ကြောင်း၊ လူစုလူဝေးမပြုလုပ်ကြရန်နှင့် လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်များ လိုက်နာဆောင်ရွက်ရန်ကြရန် TNLA က သတိပေးပြောဆိုထားသည်။