ယင်းမာပင်မြို့ပေါ်နှင့် ကျောက်ကြီးမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်း၊ လက်နက်ကြီး များဖြင့် ဗုံးကျဲပစ်ခတ် တိုက်ခိုက်
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာ ၅ ခုကို လက်နက်ကြီးများဖြင့် တပြိုင်တည်း ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း တောင်ပံနီ အထူးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။
နိုဝင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင် ယင်းမာပင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် စခန်း၊ အမျိုးသားဥယဉ်၊ ခရိုင်စုပေါင်းရုံး၊ ရေအရင်းမြစ်ဂိတ် နှင့် ယင်းမာပင်ဆေးရုံကြီးရှိ စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ၆၀ မမ၊ ၈၀ မမ၊၁၂၀ မမ လက်နက်ကြီးဖြင့် တပြိုင်တည်း ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိသောကြောင့် ၆၀ မမ၊ စက်လက်များ၊ လက်နက်ငယ်များဖြင့်ပြန်လည် ပစ်ခတ်သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ယင်းမာင်ခရိုင် တပ်ရင်း (၃၅) တပ်ခွဲ (၃) တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့၊ ယင်းမာပင်ခရိုင် တပ်ရင်း(၃၅) တပ်ခွဲ (၃) တပ်စိတ် (၁) 5/Fighter(Monyawa)၊ ChinDwin Dynamite(Salingyi)၊ နယ်ခံကာကွယ်ရေးတပ်များနှင့်ပူပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ယင်းနိုက်ကုန်းရွာရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာကို တော်လှန်ရေး တပ်ဖွဲ့များ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။
နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် အစောပိုင်း ၁၂ နာရီ နှင့် ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ကျောက်ကြီးမြို့နယ် ယင်းနိုက်ကုန်းကျေးရွာတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် ပကဖ က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို ဆက်လက် စုံစမ်းနေပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။