ဗန်းမော်မြို့နှင့် မိုးမောက်မြို့အကြား ၇ မိုင်ပတ်လည်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေယာဉ်များဖြင့် ဗုံးကျဲပြန်၊ KIA သိမ်းပိုက်ထားသော မိုးမောက်မြို့နယ်ကို စစ်ကောင်စီက ပြန်သိမ်းရန် ထိုးစစ်ဆင်နေ
ရန်ကုန်၊ နိုဝင်ဘာ ၁၈
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နှင့် မိုးမောက်မြို့အကြား ၇ မိုင်ပတ်လည်တွင် ယနေ့လည်း တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုများ အကြီးအကျယ် လုပ်ဆောင်ခဲ့ကြောင်း KIA စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်အစောပိုင်းမှစတင်ပြီး KIA နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲ အပြင်းအထန်ဖြစ်ပေါ်ခဲ့ပြီး စစ်တပ်၏ တိုက်လေယာဉ် ၂ စီးက တိုက်ပွဲဖြစ်ပွားရာ ဗန်းမော်နှင့်မိုးမောက်မြို့အကြား ၇ မိုင် ပတ်ပတ်လည်ကို ဗုံးများ ကျဲချခဲ့ကြောင်း၊ ၇ မိုင်တိုက်ပွဲမှာ အောက်တိုဘာလဆန်းပိုင်းမှ စတင်ဖြစ်ပွားနေခြင်းဖြစ်ပြီး ၂ လကျော်ကြာမြင့်နေပြီဖြစ်ကြောင်း သိရှိရသည်။
” ဗန်းမော်မြို့နဲ့ မိုးမောက်မြို့အကြား ၇ မိုင်ပတ်လည်မှာတိုက်ပွဲဖြစ်နောတာ ၂ လရှိနေပြီ။ မနေ့ မနက် ၄ နာရီးမှ ညနေ ၄ နာရီအထိလည်း တိုက်ပွဲက အလွန်ပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်။ အဓိက စစ်တပ်က မြေပြင်နဲ့ ဝေဟင် ထိုးစစ်ကိုအရှိန်မြင့်လုပ်ဆောင်နေပါတယ်။ မိုးမောက်မြို့နဲ့ ၄၃၇ ကို KIA ထိန်းချုပ်ထားဆဲဖြစ်ပါတယ်” ဟု KIA သတင်းရင်းမြစ်က ဆိုသည်။
မိုးမောက်မြို့နယ်တွင် မြို့မရဲစခန်းနှင့် တပ်ရင်းများကို မေလ ၇ ရက်နှင့် ၈ ရက်နေ့တို့တွင်လည်းကောင်း၊ မြို့ပြင်ရှိ ခမရ ၄၃၇ ကို ဩဂုတ်လ ၁၉ ရက်နေ့တွင်လည်းကောင်း KIA ကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မိုးမောက်မြို့နယ်တစ်ခုလုံးကို KIA သိမ်းပိုက်ထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။
ယင်းအချိန်မှစတင်၍ စစ်ကောင်စီက မိုးမောက်မြို့နယ်ကို ပြန်လည် သိမ်းယူနိုင်ရေးအတွက် လေကြောင်းပစ်ခတ်မှု၊ မြေပြင်စစ်ကြောင်းထိုးမှုများဖြင့် တိုက်စစ်ဆင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။