ရေဖြူတွင် စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ် ၅ ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး လက်နက်ခဲယမ်းနှင့်တကွ အလင်းဝင်
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ် ၅ ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး လက်နက်နှင့်တကွ အလင်းဝင်လာကြောင်း ဒေါနစစ် ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
ရေဖြူမြို့နယ်အတွင်းရှိ ရှေ့တန်းစစ်မျက်နှာသို့ စစ်ကြောင်းထွက်လာရသော စစ်ကောင်စီ၏ ရေတပ်မှ တပ်သား ဝေဖြိုး၊ အတင်းအဓမ္မစစ်သားစုဆောင်းခံရပြီး အပတ်စဉ် ၂ စစ်မှုထမ်းသင်တန်းဆင်း တပ်သား ဖြိုးမင်းအောင်၊ ကရင်လေး၊ တပ်သား ရဲမင်းမောင်၊ စစ်မှုထမ်း အပတ်စဉ် ၁ သင်တန်းဆင်းများဖြစ်ကြ သည့် တပ်သား သန်းတိုးအောင် ၊ တပ်သား ဖြူးဖွေး တို့သည် MA1 အမျိုး အစား သေနတ် ၁ လက် ၊ ကျည်ဘောက် ၃ ဘောက် ၊ ကပစ ထုတ် ၅.၅၆ ကျည် ၁၆၁ တောင့် တို့နှင့်အတူအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရက်ပိုင်းလောက်ရှိပါပြီ။ ကျနော်တို့အဖွဲ့တွေနဲ့ အချိတ်ရပြီးမှ အလင်းဝင်လာကြတာပါ။ လက်နက်ပါလာတာက ရေတပ်က တပ်သားပါ။ လောလောဆယ် တော့သူတို့ကို ပေါ့ပေါ့ပါးပါးပဲ လူ့အခွင့်အရေးနဲ့အညီ ကောင်းကောင်းမွန်မွန်နဲ့စောင့်ရှောက်ပေးထား ပါတယ်။ သူတို့ကို တပ်ထဲမှာ ဝါဒမှိုင်းမိထားတာက PDF တွေဘက်ရောက်ရင် တော်လှန်ရေးတပ်တွေ ဘက်ရောက်ရင် အသတ်ခံရမယ်ဘာညာဆိုပြီး ရိုက်ထည့်ထားတာ။ အဲဒီလိုမဟုတ်ဘူးဆိုတာကို ကျနော်တို့က ကောင်းကောင်းမွန်မွန်ထားပြီးတော့ လူ့ဂုဏ်သိက္ခာနဲ့အညီထားပေးထားပါတယ်” ဟု ဒေါနစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အလင်းဝင်ရောက်ခဲ့သည့် စစ်ကောင်စီတပ်သားများသည် ပြည်သူကာကွယ်ရေးတပ်မတော် ၊ တောင် ပိုင်း တိုင်း စစ်ဒေသခွဲ အမှတ် ၃ ၊ ဗျူဟာ ၃၃ ၊ ဒေါနတပ် ရင်းနယ်မြေဖြစ်သည့် ရှေ့တန်းနယ်မြေကို ပို့ဆောင်ခြင်းခံရသူများဖြစ်ကြောင်း၊ အကြမ်းဖက်စစ်တပ်၏ စစ်မှုထမ်းအမိန့် ကြေညာချက်များ ကြောင့် အတင်းအဓမ္မတပ်သားစုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုသောတပ်မ တော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ပြည်သူကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်းနှင့် မဟာ မိတ်ပူးပေါင်းတပ်ဖွဲ့များ၊ နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များသို့ ချိတ်ဆက်ကာ အလင်းဝင် ရောက်နိုင်ကြောင်း အသိပေးတိုက်တွန်း ထားသည်။