ထီးလင်းမြို့နယ်အတွင်း စစ်တပ်က ရဟတ်ယာဉ်ဖြင့် ၄ ကြိမ် ပစ်ခတ် တိုက်ခိုက်၊ ပေါက်မြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ်များ ပျက်စီး
မကွေးတိုင်း၊ ထီးလင်းမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ရဟတ်ယာဉ်ဖြင့် ၄ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ယောအလင်းတန်း အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။
ယနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ထီးလင်းမြို့နယ်အတွင်း Mi-35 ရဟတ်ယာဉ်ဖြင့် ၄ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်သေးကြောင်း သိရှိရသည်။
“ထီးလင်းမြို့နယ်ထဲက တစ်နေရာကို Mi-35 ရဟတ်ယာဉ်နဲ့ ပစ်ခတ် တိုက်ခိုက်သွားတာပါ။ ဘယ်နေရာတွေကို ပစ်ခတ်သွားတယ်ဆိုတာ မသိရသေးဘူး။ ပြည်သူတွေထိခိုက်မှု မရှိမရှိလည်း စုံစမ်းနေပါတယ်” ဟု ယောအလင်းတန်း အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ထို့ပြင် မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျွန်းတိုင်းရွာနှင့် ပလောင်းကျေးရွာတို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း ပေါက်မြို့နယ် ပကဖ ပြန်ကြားရေး တာဝန်ခံ ကိုစစ်မုန်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၁၆ ရက်နေ့ ည ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် ပေါက်မြို့နယ်၊ ပျမဘုရားကုန်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ၈၁ မမ လက်နက်ကြီး ၇ လုံးဖြင့် ကျွန်းတိုင်းကျေးရွာကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အလားတူ ယင်းနေ့ ည ၈ နာရီခန့်တွင် ပေါက်မြို့နယ်၊ ကပစ ၂၄ ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ၈၁ မမ လက်နက်ကြီး ၄ လုံးဖြင့် ပလောင်းကျေးရွာကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ နေအိမ်ပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ထိခိုက်ပျက်စီးမှု ရှိကြောင်း သိရှိရသည်။
“ပြည်သူတွေ ထိခိုက်တာတော့မရှိဘူး။ နေအိမ်တွေ ပျက်စီးတာတော့ရှိတယ်။ စစ်ခွေးတွေက ညအချိန် လက်နက်ကြီးတွေနဲ့ ကျေးရွာတွေကို ရမ်းသမ်း ပစ်ခတ်တာတွေ ဆက်တိုက် လုပ်ဆောင်လာတယ်” ဟု ပေါက်မြို့နယ် ပကဖ ပြန်ကြားရေး တာဝန်ခံ ကိုစစ်မုန်းက ပြောဆိုသည်။
Photo – ပေါက်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး ပျက်စီးသွားသော နေအိမ်နှင့် လက်နက်ကြီး ကျည်ခွံ