ရန်ကုန်၊ နိုဝင်ဘာ ၂၁
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်မှ ၄ လနီးပါးကြာ စစ်ရှောင် လာသည့် ပြည်သူ ၁၀၀ ကျော်အနက်မှ ဆေးဝါး လုံလောက်မှု မရှိ၍ ပြည်သူ ၃ ဦးသေဆုံးသွားခဲ့ပြီး ဆေးဝါးနှင့် စားနပ် ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြား ရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီပဲယင်းမြို့ပေါ် တိုက်ပွဲများကြောင့် ရေဦးမြို့နယ်အတွင်း ထွက်ပြေးတိမ်းရှောင်လာသည့် ပြည်သူ ၁၀၀ ကျော်မှာ ၄ လ နီးပါးကြာသည်အထိ ဆက်လက် စစ်ဘေးမှ တိမ်းရှောင်နေရကြောင်း၊ စစ်ဘေးရှောင်ပြည်သူများတွင် အသက် ၈၀ ကျော် အဘိုးအဖွားများနှင့် ကလေးငယ်များလည်း ပါဝင်ကြောင်း သိရသည်။
စစ်ရှောင်ပြည်သူများသည် လက်ရှိချိန်တွင် ကျန်းမာရေး စောင့်ရှောက်မှု မရခြင်းနှင့် ဆေးဝါး လုံလောက်မှု မရှိခြင်းကြောင့် ရောဂါအခံရှိသော စစ်ရှောင်ပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် လက်ရှိချိန်တွင် စစ်ဘေးရှောင် ပြည်သူများသည် လနှင့်ချီစစ်ဘေးတိမ်းရှောင်နေရသောကြောင့် ဆေးဝါး အပြင် စားနပ်ရိက္ခာနှင့် ခြုံစောင်များလည်း အရေးပေါ်လိုအပ်နေကြောင်း သိရှိရသည်။
” ဒီပဲယင်းမြို့ပေါ်ကနေ စစ်ရှောင်လာတဲ့ ပြည်သူတွေ ရေဦးနယ်ထဲမှာ သြဂုတ်လထဲက တိမ်းရှောင်နေရတုန်းပဲ သူတို့က အသိမိတ်ဆွေ၊ အမျိုးတွေလည်းမရှိတော့ အခုချိန်ထိ ရေဦးနယ်ထဲမှာ တိမ်းရှောင်နေကြရတာ အသက် ၈၀ ကျော် အဘိုးအဖွားတွေလည်း ပါသလို ကလေးသူငယ်တွေပါတယ်။ သက်ကြီးရွယ်အို ကလေးသူငယ် စစ်ရှောင်များအတွက် စားနပ်ရိက္ခာ၊ ဆေးဝါး နဲ့ ခြုံစောင်တွေက အစ အရေးပေါ် လိုအပ်နေကြပါတယ်။ အခုလို ရေဦးနယ်အတွင်း တိမ်းရှောင်နေရင်း ကျန်းမာရေးဖောက်ပြီး သေဆုံးသူ အသက်၅၀ ကျော်နဲ့ အသက်၆၀ကျော် အမျိုးသား ၃ ဦးရှိထားပါတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြား ရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar