ရန်ကုန်၊ မေ ၁၄
မကွေးတိုင်း မြိုင်မြို့နယ်တွင် အိမ်ခြေ ၁၅ဝဝ ကျော်ရှိ လက်ယက်မ ကျေးရွာကြီးကို အကြမ်းဖက် စစ်တပ်က ယနေ့ မေလ ၁၄ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်ခန့်တွင် ရွာလုံးကျွတ် မီးတင်ရှို့နေကြောင်း We Love Myaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ အကြမ်းဖက် စစ်တပ်သည် လက်ယက်မရွာတွင် ယမန်နေ့ မေလ ၁၃ ရက်နေ့တည်းက တပ်စွဲထားခြင်းဖြစ်ပြီး ယနေ့ မေလ ၁၄ ရက်နေ့ ညနေပိုင်းမှ စတင်ကာ ရွာလုံးကျွတ် မီးတင်ရှို့နေခြင်းဖြစ်ကြောင်း သိရသည်။ “မြိုင်မြို့နယ် မြောက်ပိုင်း လက်ယက်မရွာကို အကြမ်းဖက် စစ်ခွေးတွေက ရွာလုံးကျွတ် မီးတင်ရှို့နေတာ ဒီနေ့ ညနေပိုင်းမှာ ရွာတောင်ဘက်အပိုင်းကနေ စပြီးရှို့နေတာ အဝေးကမြင်ရတာ မီးတောက်အတော်ကြီးတယ်။ ရွာထဲက လူတွေကလည်း တိမ်းရှောင်နေရတော့ အခုချိန်ထိ မီးငြိမ်း သတ်နိုင်ခြင်း မရှိသေးဘူး။ မီးလောင်တဲ့ အိမ်ခြေ အတော်များနေပြီလို့ပြောတယ်။ တောင်လေ တိုက်နေချိန်ကို တောင်ကနေ စရှို့တာလို့ပြောတယ်။ တစ်ရွာလုံး နီးပါးကုန်ပြီတဲ့ တော်တော်ဝေးဝေးကနေ မီးတောက်တွေ လှမ်းမြင် နေရတယ်လို့ ပြောတယ်” ဟု We Love Myaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ လက်ယက်မ ကျေးရွာသည် မြိုင်မြို့နယ်တွင် အကြီးဆုံး ကျေးရွာကြီး တစ်ရွာဖြစ်ကာ အိမ်ခြေ ၁၅ဝဝ ကျော်ရှိသော ကျေးရွာကြီးဖြစ်ကြောင်း သိရသည်။Photo – လက်ယက်မကျေးရွာကြီးကို အကြမ်းဖက် စစ်တပ် ရွာလုံးကျွတ် မီးတင်ရှို့နေခြင်းအား အဝေးမှ တွေ့မြင်ရစဉ်
Photo Crd – We Love Myaing

