မတ္တရာမြို့နယ်အတွင်း ၃ ရက်ဆက် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကျေးရွာ ၂၀ ထက်မနည်း မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၈ ဦးကို သတ်ဖြတ်ခဲ့၊ စစ်တပ်က ကြည်း၊ ရေ ၊ လေ စစ်ဆင်ရေးဖြင့် မတ္တရာမြို့နယ်ကို အပြင်းအထန် ထိုးစစ်ဆင်နေ
ရန်ကုန်၊ နိုဝင်ဘာ ၂၃
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း ၃ ရက်ဆက် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကျေးရွာ ၂၀ ထက်မနည်း မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၈ ဦးကို သတ်ဖြတ်ခဲ့ကာ ကြည်း၊ ရေ ၊ လေ စစ်ဆင်ရေးဖြင့် မတ္တရာမြို့နယ်ကို အပြင်းအထန် ထိုးစစ်ဆင်နေကြောင်း Voice Of Mandalay အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂၁ ရက်နေ့က စတင်ပြီး မတ္တရာမြို့နယ်၊ မြစ်ရိုးတစ်လျှောက်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ကြည်း၊ ရေ ၊ လေ စစ်ဆင်ရေးဖြင့် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်သည် စစ်ကြောင်းထိုးရာ လမ်းတလျှောက်ရှိ ကျေးရွာများကို ဝင်ရောက်စီနင်းပြီး ပြည်သူပိုင် ပစ္စည်း အားလုံးကို ခိုးယူကာ နေအိမ်များကို ဆက်တိုက်မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ပြီး လက်ရှိချိန်တွင် ကျေးရွာ ၂၀ ထက်မနည်း မီးရှို့ဖျက်ဆီးခံထားရကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပြည်သူ ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး လက်နက်ကြီးထိမှန်ကာ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်က စိန်ပန်းကုန်းကျွန်းရွာနှင့် သဲကျွန်းရွာ အနီးတစ်ဝိုက်ကို ဂျက်ဖိုက်တာ ၂ စီးဖြင့် ဓာတု အဆိပ်ဗုံးများ အပါအဝင် ပေါင် ၅၀၀ ဗုံး ၄ လုံးနှင့် ပေါင် ၂၀၀ ဗုံး ၇ လုံး ကျဲချ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၈၀ ကျော် မူးမေ့လဲကျပြီး သတိလစ်မေ့မျောခဲ့ကြောင်း သိရသည်။
မြေပြင်တွင်လည်း မန္တလေးနှင့် မတ္တရာမြို့ဘက်မှ လာသော စစ်ကြောင်း ၂ ကြောင်းဖြင့် စစ်ကြောင်းထိုးနေပြီး သမင်ခြံရွာ၊ သူဌေးကုန်းရွာ၊ ဥဒိန်ရွာ၊ ဆောက်ခြုံပေါက်ရွာ၊ ကုန်တန်းကြီးရွာ၊ ကုန်းတန်းလေးရွာ၊ စိန်ပန်းကုန်းရွာ၊ အေးကျွန်းရွာ၊ ထန်းခြောက်ပင်ရွာ၊ ရွှေဘိုကြီးရွာ၊ ရတန်းရွာ အပါအဝင် မြစ်ရိုးတစ်လျှောက်ရှိ ကျေးရွာ ၂၀ ထက်မနည်း မီးရှို့ဖျက်ဆီးခံရပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင် ပစ္စည်းအားလုံးကို ခိုးယူပြီး မတ္တရာမြို့ပေါ်ကို ယူဆောင်သွားကြောင်း သိရှိရသည်။
“မတ္တရာမြို့နယ်က စစ်တပ်က လေကြောင်း၊ ရေကြောင်း ပစ်ကူရော လက်နက်ကြီးပစ်ကူရော မြေပြင် အင်အား အလုံးအရင်းနဲ့ကို စစ်ကြောင်းထိုးနေတာ သမင်ခြံရွာဆို တစ်ရွာလုံးနီးပါ မီးရှို့ဖျက်ဆီးခံရတယ်။ စုစုပေါင်း ၂၀ ထက်မနည်း မီးရှို့ဖျက်ဆီးခံရတယ်။ မြစ်ရိုးတစ်လျှောက်က ရွာတွေကို ဝင်ပြီး ပစ္စည်းတွေယူ ယူလို့ဝရင် မီးရှို့ထားခဲ့တာ တစ်ရွာဝင်တစ်ရွာထွက်နဲ့ကိုလုပ်နေတာ ပြည်သူ ၅ ဦးက ကြက်ပြန်မှာ ဖမ်းတာ စစ်ခွေးနဲ့ တွေ့လို့သတ်ခံရတာ ကျန် ၂ ဦးက လက်နက်ကြီးထိမှန် သေဆုံးတာ” ဟု Voice Of Mandalay အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
Photo – စစ်ကိုင်းတိုင်း အတွင်း အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးနေသော ကျေးရွာ တစ်ရွာကို တွေ့ရစဉ် (ပုံအဟောင်းဖြစ်သည်)