အကြမ်းဖက်စစ်ကောင်စီ ပြန်လည်အကောင်အထည်ဖော်မည့် စီမံကိန်း ၂ ခုအတွက် တရုတ်အစိုးရပိုင် China EXIM Bank က အမေရိကန်ဒေါ်လာ သန်း ၂၀၀ နီးပါး အတိုးမဲ့ ချေးပေးမည်
တရုတ်အစိုးရပိုင် China EXIM Bank က အကြမ်းဖက်စစ်ကောင်စီအကောင်အထည်ဖော်မည့် စီမံကိန်း ၂ ခုအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀၀ နီးပါး အတိုးမဲ့ ချေးပေးမည်ဖြစ်ကြောင်း စစ်ကောင်စီနှင့်တရုတ်အကြား အပြန်အလှန် သဘောတူညီထားသော စာချုပ်ပါ အချက်အလက်များအရ သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီက အကောင်အထည်ဖော်မည့် အဆင့်မြှင့်တင်ထားသော E-Government အချက်အလက်စင်တာ စီမံကိန်း (e-GIDC- e-Government Integrated Data Center Project) နှင့် မော်တော်ယာဉ်များကို မှတ်ပုံတင်သည့် နည်းပညာစနစ် (RFID- Developing Vehicle Registration by Radio Frequency Identification System) စီမံကိန်းတို့အတွက် တရုတ်အစိုးရပိုင် China EXIM Bank က အတိုးမဲ့ချေးငွေ ထုတ်ချေးမည်ဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီ၏ e-Government အချက်အလက်စင်တာ စီမံကိန်း (e-GIDC- e-Government Integrated Data Center Project) အတွက် တရုတ်အစိုးရပိုင် China EXIM Bank က အမေရိကန်ဒေါ်လာ ၁၀၄ ဒသမ ၂၄ သန်းကို ထုတ်ချေးမည်ဖြစ်ပြီး အဆိုပါ စီမံကိန်းသည် နေပြည်တော်နှင့် ရန်ကုန်တိုင်း သန်လျင်မြို့နယ်တွင် e-Government အချက်အလက်စင်တာ တည်ဆောက်ရန်ရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတစ်ဝန်းရှိ မော်တော်ယာဉ်များကို မှတ်ပုံတင်သည့် နည်းပညာစနစ် (RFID- Developing Vehicle Registration by Radio Frequency Identification System) စီမံကိန်းအတွက်မူ တရုတ်အစိုးရ၏ China EXIM Bank က အတိုးမဲ့ချေးငွေ အမေရိကန်ဒေါ်လာ ၉၃ ဒသမ ၁၄ သန်း ထုတ်ချေးမည်ဖြစ်ကြောင်း၊ အဆိုပါ မော်တော်ယာဉ်နည်းပညာစနစ်သစ်အတွက် ပြည်နယ်နှင့်တိုင်းအားလုံးရှိ နေရာ ၁၅ ခုတွင် စင်တာများ တည်ဆောက်မည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ စီမံကိန်း ၂ ခုစလုံးသည် NLD အစိုးရလက်ထက်တွင် စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီလက် ထက်တွင် ပြည်ပမှ ကူညီမည့်သူမရှိ၍ ရပ်နားထားရကြောင်း၊ ယခုအခါ တရုတ်အစိုးရ၏ China EXIM Bank က ပေးအပ်မည့် အတိုးမဲ့ချေးငွေဖြင့် စီမံကိန်း ပြန်လည် စတင်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
” e-GIDC စီမံကိန်းနဲ့ RFID စီမံကိန်း ၂ ခုက ချိတ်ဆက်မယ့် စီမံကိန်းတွေဖြစ်ပါတယ်။ လုပ်မယ့်လုပ်ငန်းစဉ်က ကားတွေကို တစ်နိုင်ငံလုံး ၁၅ နေရာမှာ RFID registration လုပ်ပြီး e-GIDC စင်တာနဲ့ ချိတ်ဆက်မှာဖြစ်ပါတယ်” ဟု စစ်ကောင်စီ၏ သတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီ၏ e-GIDC စီမံကိန်းနှင့် RFID စီမံကိန်း သည် အစိုးရအချင်းချင်း (G2G) အကူအညီပေးသည့် စီမံကိန်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားရေးဆက်ဆံရေးဗျူရို (MIFER-FERD) နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဗျူရို (MOTC-ITCSD) တို့က အကောင်အထည်ဖော်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- နိုဝင်ဘာလအတွင်း တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သော အကြမ်းဖက် မင်းအောင်လှိုင်။