ရန်ကုန်၊ နိုဝင်ဘာ ၂၆
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် ပြည်သူများကို နည်းမျိုးစုံဖြင့် ဖိနှိပ်နေပြီး စစ်တပ်အတွက် အလုပ်လုပ်နေသူ ဝင်းအောင်ကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း Dragon Brothers (GBK-PDF) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂၅ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် ကြို့ပင်ကောက်မြို့နယ်၊ လှေတုံးကျေးရွာအုပ်စု၊ စီကောက်ပင်ရွာမှ ပြည်သူများကို နည်းမျိုးစုံဖြင့် ဖိနှိပ်ပြီး စစ်တပ် သတင်းပေး လုပ်ဆောင်နေသော ဝင်းအောင် ဆိုင်ကယ်စီးလာစဥ် ညောင်ဝိုင်ရွာအနီး၌ သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ – ၁ Dragon Brothers (GBK-PDF) မှ ရဲဘော်များက ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ် တိုက်ခိုက်ရာ ကျည် ၄ ချက် ထိမှန်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော အကြမ်းဖက် စစ်တပ် သတင်းပေး ဝင်းအောင်ထံမှ စစ်ကောင်စီ တပ်သားများနှင့် ဆက်သွယ်ထားသော ဖုန်း ၁ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း Dragon Brothers (GBK-PDF) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဝင်းအောင်သည် အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံ ပြည်သူများကို သတင်းပေးတိုင်ကြား၍ ဖမ်းဆီးခိုင်းခြင်း၊ တော်လှန်ရေး ရဲဘော်များ၏ အချက် အလက်များကို ထောက်လှမ်းသတင်းပို့ခြင်း၊ စစ်တပ် အရာရှိများ အား ကိုးဖြင့် ပြည်သူများ၏ နေအိမ်များကို ဖျက်ဆီးခြင်းနှင့် ပြည်သူများကို အမျိုးမျိုး ဖိနှိပ်ဒုက္ခပေးနေသောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Dragon Brothers (GBK-PDF) မှ တာဝန်ရှိသူက ရှင်းပြသည်။
ကြို့ပင်ကောက်မြို့နယ်တွင် တော်လှန်ရေးတပ်များက နယ်မြေစိုးမိုးလာသဖြင့် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများ အပါအဝင် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ အစုလိုက်အပြုံလိုက် နုတ်ထွက်နေကြကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar