26 C
Yangon

လယ်ဒိုမြို့နယ်အတွင်း စစ်တပ်က လက်နက်ကြီး၊ ဒရုန်း တို့ဖြင့် တိုက်ခိုက်မှု ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရပြီး ပြည်သူ ၁ ဦးကို ဖမ်းဆီးသွား

Must read

လယ်ဒိုမြို့နယ်အတွင်း စစ်တပ်က လက်နက်ကြီး၊ ဒရုန်း တို့ဖြင့် တိုက်ခိုက်မှု ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရပြီး ပြည်သူ ၁ ဦးကို ဖမ်းဆီးသွား

ရန်ကုန်၊ နိုဝင်ဘာ ၂၇

ပဲခူးတိုင်း၊ လယ်ဒိုမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်း တို့ဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၆ ဦး ထိခိုက် ဒဏ်ရာရပြီး ပြည်သူ ၁ ဦးကို ဖမ်းဆီးသွားကြောင်း KNU ဗဟိုကပြောဆိုသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ အကြမ်းဖက် စစ်တပ်က လယ်ဒိုမြို့နယ်အတွင်းရှိ ကျေးရွာများကို လက်နက်ကြီး ၁၈ လုံး၊ ဒရုန်းဖြင့် ၂၀ ကြိမ် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၆ ဦး ထိခိုက် ဒဏ်ရာရရှိပြီး နေအိမ် ၃ လုံး၊ ဆန်စက် ၁ လုံး၊ ဆေးခန်း ၂ ခန်းနှင့် ပြည်သူပိုင် အဆောက်အဦး ၂ လုံး ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် ပြည်သူ ၁ ဦးကိုလည်း အကြမ်းဖက် စစ်ကောင်စီတပ်သားများက အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း သိရသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီတပ်၏ ပိန်းဇလုပ် အခြေစိုက်တပ် ခလရ-၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၂ လုံးဖြင့် ရေတွင်းကုန်းကျေးရွာ ချိန်း‌ချောင်းတံတားကို ၁ လုံး၊ အလယ်ကျွန်းကျေးရွာကို ၁ လုံး ပစ်ခတ်ခဲ့ပြီး ဒရုန်းဖြင့် ကညင်ကြိုးကျေးရွာကို ၃ လုံး၊ ကျောင်းကုန်းကျေးရွာကို ၁ လုံး စုစုပေါင်း ၄ လုံးနှင့် စဉ့်အိုးလာကျေးရွာတွင် နေရာယူထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများက ဒရုန်းဖြင့် နံဇကျေးရွာကို ၃ လုံး စုစုပေါင်း ၇ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း ကညှင်ကြိုးကျေးရွာမှ ဒေါ်ခင်စန်းဝင်း ၅၅ နှစ် လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁ လုံးလည်း ပျက်စီးခဲ့ကြောင်း၊ ကျောင်းကုန်းကျေးရွာမှ ဦးအနား၏ နေအိမ် ၁ လုံး နှင့် ဆန်စက် ၁ လုံး ပျက်စီးခဲ့ကြောင်းသိရသည်။

ထို့ပြင် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် သူဌေးကုန်းကျေးရွာတွင် နေရာယူထားသော အကြမ်းဖက်စစ်ကောင်စီ တပ်သားများက ဂရုပ်ကုန်းတွင် လက်နက်ကြီး ၈၁ မမ ၄ လုံး ပစ်ခတ်ခဲ့သောကြောင့် ဂရုပ်ကုန်းကျေးရွာမှ ကျော်မင်းထူး ၆၆ နှစ် လက်နက်ကြီး ကျည်ထိမှန် ဒဏ်ရာရရှိရခဲ့ပြီး ခလရ-၂၆၄ တပ်ရင်းမှ ပိန်းဇလုပ် အဝင် ဂိတ်တွင် အလယ်ကျွန်းကျေးရွာမှ မဇာနီဝင်း ကိုလည်း အကြောင်းမဲ့ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ခလရ-၂၆၄တပ်ရင်းက ဒရုန်းဖြင့် ကျောင်းကုန်းကျေးရွာနှင့် ဝါချဲကျေးရွာကို လက်နက်ကြီး ၉ လုံး၊ ဂရုပ်ကုန်းရွာကို ၂ လုံး စုစုပေါင်း ၁၁ လုံး ပစ်ခတ်ခဲ့ပြီး ကညင်ကြိုးကျေးရွာအတွင်းကို ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကြောင့် ကညင်ကြိုးကျေးရွာမှ ဦးဝါဝင် ၇၅ နှစ်၊ ဒေါ်ငြိမ်းခင် ၇၃ နှစ်၊ မအေးယု ၃၈ နှစ်၊ ဦးသားငွေ ၇၀ နှစ် စုစုပေါင်း ဒေသပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဦးကျော်ရင်၏ နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် ကုန်းချောင်းဝမှ နေရာယူထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကလည်း တလှိုင်းခင်ကျေးရွာကို လက်နက်ကြီး ၁၂၀ မမ ၂ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ခလရ-၂၆၄ တပ်ရင်းက လိန်ပင်ကျေးရွာကို လက်နက်ကြီး ၁၂၂ မမ ၁ လုံး ပစ်ခတ်ခဲ့ပြီး နိုဝင်ဘာလ ၂၃ ရက်နေ့တွင် နတ်သံကွင်းရှိ အကြမ်းဖက် စစ်တပ်က နိုဖိုးကျေးရွာကို လက်နက်ကြီး ၁၂၀ မမ ၁ လုံး ပစ်ခတ်ခဲ့ကြောင်း၊ အလားတူ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ကျောက်တံခါးရှိ အကြမ်းဖက် စစ်တပ်က ဖျံတလင်းကျေးရွာနှင့် ခိုလိုကျေးရွာအတွင်းကို ၆၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့တွင် နတ်သံကွင်းရှိ အကြမ်းဖက် စစ်တပ်က သူးကဘီး (ကျွဲတလင်း)ကျေးရွာ ဆေးပေးခန်းကို ဒရုန်းဖြင့် ၁ ကြိမ်၊ လက်နက်ကြီး ၁၂၀ မမ ၁ လုံးနှင့် တောကြောင် ပေါက်ရွာ အတွင်းကို ဒရုန်းဖြင့် ၁ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ သူးကဘီး(ကျွဲတလင်း)ကျေးရွာ ဆေးပေးခန်း ရှိ ဆေးခန်း ၂ ခန်း နှင့် အခြားအဆောက်အဦး ၂ လုံး ပျက်စီးခဲ့သည့်အပြင် ကုန်းချောင်းဝရှိ အကြမ်းဖက် စစ်တပ်က တောကြောင်ပေါက်ကျေးရွာကို လက်နက်ကြီး ၁၂၀ မမ ၁ လုံး၊ နတ်သံကွင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း ပဲသောင် ကျေးရွာကို လက်နက်ကြီး ၁၂၀မမ ၂ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article