ရွှေဘိုမြို့တွင် စစ်တပ်က စျေးသည် ၃ ဦးထံမှ ငွေကျပ် သိန်း ၃၀ လုယက်၊ စစ် တပ်က ဆိုင်ကယ်များကို ဖမ်းဆီးပြီး တစ်စီးလျှင် ငွေကျပ် ၃ သိန်းမှ အများဆုံး သိန်း ၂၀ ဖြင့် ပြန်ရွေးခိုင်း
ရန်ကုန်၊ ဒီဇင်ဘာ ၁
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် စစ်ကောင်စီတပ်က စျေးသည် အမျိုးသမီး ၃ ဦးထံမှ စျေးဝယ်မည့်ငွေကျပ် သိန်း ၃၀ ကို လုယက်သွားကြောင်း လုယက်ခံရသည့် စျေးသည်များ၏မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂၉ ရက်နေ့ ရွှေဘိုမြို့နယ်၊ သစ်ကြီးတောကျေးရွာမှ စျေးသည် အမျိုးသမီး ၂ ဦး နှင့် ပလိုင်းကျေးရွာမှ စျေးသည် အမျိုးသမီး ၁ ဦးတို့က ရွှေဘိုမြို့ပေါ်တွင် စျေးဝယ်ရန်အတွက် ဆိုင်ကယ်ဖြင့်လာရောက်ကြောင်း၊ ယင်းနောက် မြို့ပေါ်တွင် ကင်းလှည့်နေသော စစ်ကောင်စီတပ်က စျေးသည် အမျိုးသမီး ၃ ဦး၏ ဆိုင်ကယ်များကို လိုက်လံတားဆီးစစ်ဆေးကြောင်း၊ ဆိုင်ကယ်များမှာ လိုင်စင်မဲ့ ဆိုင်ကယ်ဖြစ်သည့်အတွက် စျေးသည်အမျိုးသမီး ၃ ဦးထံမှ စျေးဝယ်ရန် ယူဆောင်လာသော ငွေကျပ် သိန်း ၃၀ ကို ယူဆောင်ပြီး ဆိုင်ကယ်ကိုလည်း သိမ်းဆည်းကာ ပြန်လည် လွှတ်ပေးလိုက်ကြောင်းသိရှိရသည်။
“သစ်ကြီးတောကျေးရွာက စျေးသည်အမျိုးသမီး ၂ ဦးနဲ့ ပလိုင်းကျေးရွာက စျေးသည်အမျိုးသမီး ၁ ဦးတို့က စျေးဝယ်လာတာ။ ရွှေဘိုမြို့ပေါ်ကို အဲဒါ သူတို့စီးလာတဲ့ ဆိုင်ကယ်က လိုင်စင်မရှိဘူး။ လိုင်စင်မဲ့ပေါ့။ အဲဒါကို စစ်တပ်လှည့်ကင်းနဲ့တွေ့တော့ လိုင်စင်မဲ့ဆိုင်ကယ်စီးတယ်ဆိုပြီး ဖမ်းတယ်။ ဆိုင်ကယ်ထဲမှာ ထည့်ထားတဲ့စျေးဝယ်မယ့် ငွေ သိန်း ၃၀ ကို တစ်ခါတည်းယူသွားတယ်။ လူတွေကိုတော့ ပြန်လွှတ်ပေးလိုက်တယ်” ဟု ဖမ်းဆီးခံရသည့် စျေးသည်များ၏ မိတ်ဆွေက ရှင်းပြသည်။
ရွှေဘိုမြို့ပေါ်တွင် စစ်ကောင်စီတပ်များက စစ်ဆေးရေးဂိတ်ချ၍ လည်း ကောင်း ၊ လှည့်ကင်းများ ပတ်၍လည်းကောင်း လမ်းသွားလမ်းလာပြည်သူများနှင့် ဆိုင်ကယ်များကို မကြာခဏဆိုသလို အပြစ်မရှိ အပြစ်ရှာ ဖမ်းဆီးပြီး ဒဏ်ရိုက်ခြင်း၊ လူငယ်များကို တပ်သားသစ်အဖြစ် စုဆောင်းခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က ရွှေဘိုမြို့ပေါ်တွင် ဆိုင်ကယ်များကို ဦးတည်ဖမ်းဆီးနေရာတွင် ဖမ်းဆီးပြီးနောက် ဆိုင်ကယ်ပြန်လိုချင်ပါက ငွေကျပ် ၃ သိန်းမှ သိန်း ၂၀ အထိ ဆိုင်ကယ်၏ တန်ကြေးကိုလိုက်၍ ပြန်လည် ရွေးယူခွင့်ပြုနေကြောင်း၊ ရွှေဘိုမြို့ ရဲစခန်း၊ ထွေ/အုပ်ရုံးနှင့် တပ်ထဲတွင် ဖမ်းဆီးထားသော ဆိုင်ကယ်များကို စုပုံထားကြောင်း သိရှိရသည်။
ဓာတ်ပုံ- ရန်ကုန်တွင် ပြည်သူများ၏ ဆိုင်ကယ်များကို ဖမ်းဆီးနေသည့် အကြမ်းဖက်စစ်တပ်။ (ပုံအဟောင်းဖြစ်ပါသည်။)