ညောင်ဦးတွင် စစ်ကောင်စီတပ်လက်အောက်ခံ စသုံးလုံးအရာရှိများနှင့်ပူးပေါင်းကာ ဓားပြမှု ကျူးလွန်ထားသူ ၁ ဦးကို တော်လှန်ရေးတပ်များက ဖမ်းမိ
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ် လက်အောက်ခံ စသုံးလုံးအရာရှိ များနှင့်ပူးပေါင်းပြီး ဓားပြမှုကျူးလွန်သူတစ်ဦးကို ဖမ်းဆီးထားကြောင်း ညောင်ဦးမြို့နယ် ပကဖ တာ ဝန်ခံ ကိုဇီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့က ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ စသုံးလုံးအရာရှိများ ပူးပေါင်းပါဝင်သည့် အဖွဲ့ဝင် ၇ ဦးပါအဖွဲ့တစ်ဖွဲ့က ဓားပြ တိုက်မှုကျူးလွန်ခဲ့ရာ ငွေသား သိန်းတစ်ထောင်ကျော်နှင့် လက်ဝတ်ရတနာပစ္စည်းများပါသွား ကြောင်း ဓားပြတိုက်ခံရသူ၏ တိုင်ကြားချက်အရ ညောင်ဦးမြို့နယ်ပကဖက စုံစမ်းဖော်ထုတ်ခဲ့ရာ ကကြဲကျေးရွာနေ လှယမင်းဆိုသူကို ဖမ်းမိခဲ့ကြောင်း သိရသည်။
“အခုဖမ်းမိတဲ့သူပါတာ ညောင်ဦးမြို့နယ်အတွင်းမှာ ဖြစ်ခဲ့ ဓားပြမှုတွေထဲက ၄ မှုပါတယ်။ ညောင်ဦး မြို့ပေါ် ရွှေဆိုင်ဓားပြမှုမှာလည်းပါတယ်။ သူတို့အဖွဲ့က ၇ ယောက်အဖွဲ့ပါ။ အဓိက သူနဲ့ပေါင်းလုပ် တာက စသုံးကအရာရှိတွေနဲ့ပေါင်းလုပ်တာ၊ အဓိကတော့ ညောင်ဦးမြို့ပေါ်နဲ့ ညောင်ဦးမြို့နယ် အတွင်းက ကျေးရွာတွေမှာ စသုံးလုံးက အရာရှိတွေနဲ့ပေါင်းပြီး ဓားပြမှုတွေကျူးလွန်ထားတာ။ သူ့ဆီ က စစ်ဆေးရရှိတဲ့ အဖြေတွေရယ်၊ စုံစမ်းဖော် ထုတ်ချက်တွေနဲ့ပေါင်းပြီး နောက်ထပ်ပြစ်မှု ကျူးလွန် သူကို ဖမ်းဆီးဖို့ ကြိုးစားနေပါတယ်။” ဟု ညောင်ဦးမြို့နယ် ပကဖ တာ ဝန်ခံ ကိုဇီးက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ညောင်ဦးမြို့နယ်အတွင်း၌ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဓားပြမှု၊ ပြန်ပေးဆွဲမှု ၁၀ ကြိမ်ထက် မနည်းဖြစ်ခဲ့ပြီး ညောင်ဦးမြို့နယ်ပကဖ အနေဖြင့် နောက်ထပ် ဓားပြမှု၊ ပြန်ပေးဆွဲမှုများ မဖြစ်ပွား စေရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားသည်။