တောင်ကုတ်၊ခရိုင်ကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၂ ဦးသေဆုံးပြီး ၁၉ ဦး ဒဏ်ရာ
ရခိုင်ပြည် တောင်ကုတ်မြို့နယ် ခရိုင်ကျေးရွာကို အာဏာသိမ်း စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်၍ အပြစ်မဲ့အရပ်သား ၂ ဦးသေဆုံးပြီး ၁၉ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာများ ရရှိသွားကြောင်း ရခိုင်ဒေသသတင်းရင်းမြစ် Arakan Princess Media က သတင်းဖော်ပြသည်။
ဒီဇင်ဘာလ ၁ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် ခရိုင်ကျေးရွာကို စစ်လေယာဉ်ဖြင့် ဗုံး ၄ လုံးထက်မနည်း ကျဲချတိုက်ခိုက်ခဲ့ကြောင်း ၊ ခရိုင်ကျေးရွာသည် တောင်ကုတ်မြို့ထဲ တိုက်ပွဲပြင်းထန်နေခြင်းကြောင့် မြို့ပေါ်ဒေသခံများအပါအဝင် အခြားသော အရပ်သားပြည်သူများ စစ်ရှောင်နေကြသော ကျေးရွာလည်းဖြစ်ကြောင်း သိရှိရသည်။
စစ်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးသူများမှာ တောင်ကုတ်မြို့ ခရိုင်ကျေးရွာသို့ စစ်ရှောင်လာသော တောင်ကုတ်မြို့၊ ဆီးရုံကွက်သစ်ရပ်ကွက်မှ ဒေါ်မသိန်း (အသက် ၇၁ နှစ်) နှင့် သာယာအေးကျေးရွာမှ မောင်ကျော်သက်နိုင် ( အသက် ၁၇ နှစ် တို့ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် တောင်ကုတ်မြို့နယ်၊ ခရိုင်ကျေးရွာသို့ စစ်ဘေးရှောင်လာသော စစ်ဘေးရှောင် ပြည်သူ ၁၉ ဦးမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
Photo- APM ။