28 C
Yangon

နွေဦးတော်လှန်ရေးတွင် တက်ကြွစွာ ပါဝင်ခဲ့သည့် သန်လျင်ရေတပ်မှ CDM ရေတပ်သား ကိုပြည့်စုံဦး သေဒဏ်ချမှတ်ခံရပြီးနောက် အင်းစိန်ထောင်အတွင်း ကွယ်လွန်

Must read

နွေဦးတော်လှန်ရေးတွင် တက်ကြွစွာ ပါဝင်ခဲ့သည့် သန်လျင်ရေတပ်မှ CDM ရေတပ်သား ကိုပြည့်စုံဦး သေဒဏ်ချမှတ်ခံရပြီးနောက် အင်းစိန်ထောင်အတွင်း ကွယ်လွန်

ရန်ကုန်၊ဒီဇင်ဘာ ၂

နွေဦးတော်လှန်ရေးတွင် တက်ကြွစွာ ပါဝင်ခဲ့သည့် သန်လျင်ရေတပ်မှ CDM ရေတပ်သား ကိုပြည့်စုံဦးသည် စစ်ကောင်စီ၏ သေဒဏ်ချမှတ်မှု ခံရပြီးနောက် အင်းစိန်ထောင်အတွင်း ကွယ်လွန်သွားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန် သေဒဏ်ချမှတ်ခံထားရသော နိုင်ငံရေးအကျဉ်းသားလည်းဖြစ်၊ CDM ရေတပ်သား ကိုပြည့်စုံဦးသည် ကျောက်ကပ်ရောဂါဝေဒနာကိုပြင်းထန်စွာခံစားခဲ့ရပြီးနောက် ကျဆုံးခဲ့ရကြောင်း၊ ကိုပြည့်စုံဦးသည် စစ်အုပ်စုအာဏာသိမ်းစဉ် CDM ရေတပ်သားအနေဖြင့် ၂၀၂၁ခုနှစ် မတ်လအတွင်း ပြည်သူ့ဘက်သို့ ကူးပြောင်းပြီး နိုင်ငံရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။

၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၇ ရက်နေ့ သန်လျင်ရေတပ်မှ CDM ရေတပ်သား ကိုပြည့်စုံဦးကို စစ်တပ်က ဖမ်းဆီးခဲ့ပြီးနောက် တပ်ပြေးပုဒ်မ ၊ တမအ ၃၇ (တပ်မတော်အက်ဥပဒေပုဒ်မ ၃၇)၊ တမအ ၃၂(တပ်မတော်အက်ဥပဒေပုဒ်မ ၃၂) တို့ဖြင့် အမှုဖွင့်ခဲ့ကာ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် သေဒဏ်အမိန့်ချ၍ အင်းစိန်ထောင်ကိုပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

အင်းစိန်ထောင်သို့ ရောက်ရှိပြီးနောက် ကျောက်ကပ်ရောဂါနှင့် အဆုတ်ရေဝိုင်းရောဂါများကို ခံစားခဲ့ရပြီး ၆ လအကြာတွင် ရောဂါပြင်းထန်လာပြီးနောက် ယခုကဲ့သို့ ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ ကိုသိုက်ထွန်းဦးက “အကျဉ်းထောင်တွင်းမှာ သောက်သုံးရေအခက်အခဲတွေကြုံကြရပါတယ်။ သောက်သုံးရေထဲမှာ ခဲဓာတ်ပါဝင်မှုများပြားသည့်အတွက် ပုံမှန်ကျန်းမာရေးကောင်းမွန်သူတွေတောင်ထောင်တွင်းနေရတာ ကြာလာသာနှင့်အမျှ ကျောက်ကပ်ရောဂါတွေ ခံစားလာရတာမျိုးရှိပါတယ်။ ဒါကြောင့် အကျဉ်းသားအခွင့်အရေးဖြစ်တဲ့ အခြေခံစားသောက်ရေးကို ပြည့်ပြည့်ဝဝဆောင်ရွက်ပေးသင့်တယ်လို့ အကြံပြုချင်ပါတယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယခု ၂၀၂၄ ခုနှစ် မြန်မာနိုင်ငံတစ်ဝန်း အကျဉ်းထောင်များအတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိခဲ့၍ နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ အနည်းဆုံး ၂၀ ဦး ကျဆုံးခဲ့ရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article