24 C
Yangon

ခန္တီးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၂၂ ဦးသေဆုံးကာ ၃ ဦးအရှင်မိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ခန္တီးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၂၂ ဦးသေဆုံးကာ ၃ ဦးအရှင်မိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၃

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့်အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၂၂ ဦးသေဆုံးကာ ၃ ဦးအရှင်မိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ခန္တီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ခန္တီးမြို့နယ်၊ ချောင်းသုံးခွ‌ဘက်ကို စစ်ကြောင်းထိုးလာသော အင်အား ၃၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် နာဂ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NPDF) ၊ ခန္တီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိတွေ့ တိုက်ပွဲသည် ၂ နာရီကျော် ကြာမြင့်ခဲ့ပြီး ညနေ ၄ နာရီဝန်းကျင်ခန့်တွင် စတင်ကာ ၆ နာရီ ၁၅ မိနစ်ခန့်တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။

ယင်း ထိတွေ့ တိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦးပွဲချင်းပြီး သေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို ထိခိုက်ဒဏ်ရာရရှိသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပဒူးမုန်း ဆိပ်ကမ်းမှ ခန္တိးမြို့ကို ည ၇ နာရီဝန်းကျင်ခန့်တွင် ပို့ဆောင်စဉ် လမ်း၌ ၂ ဦး သေဆုံးခဲ့ပြီး ကျန် ၆ ဦးသည် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ဆေးရုံကုသမှု ခံယူနေစဉ် ထပ်မံ သေဆုံးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးကိုလည်း MA-1 သေနတ် ၂ လက် နှင့် MA-2 သေနတ် ၁ လက် တို့နှင့်အတူ အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင်လည်း ချောင်းသုံးခွဘက်ကို ထပ်မံ တက်လာသည့် စစ်ကြောင်းကို နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ခန္တီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းတပ်တို့က ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ၅ ဦး ပွဲချင်းပြီးသေဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင် သိရသည်။

ယင်း ထိခိုက်ဒဏ်ရာရရှိသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၇ ဦးကို နတ်စလင်းချောင်းမှ နမ်ခမာချောင်းသို့ ပို့ဆောင်ခဲ့ပြီး နမ်ခမာချောင်းဆုံမှ တဆင့် ခန္တီးမြို့ကို မွန်းလွဲ ၂ နာရီဝန်းကျင်ခန့်တွင် ပို့ဆောင်စဉ် လမ်း၌ ၄ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း သိရှိရသည်။

“၂၄ ရက်နေ့က တနေကုန် တိုက်ပွဲဖြစ်တာ နံနက် ၅ နာရီလောက်ကနေစပြီ စစ်ခွေးတွေဘက်က လက်နက်ကြီးတွေနဲ့ စထုတယ်။ တနေကုန် နီးပါးကြာခဲ့ပြီး ညနေ ၄ နာရီကျော်မှ တိုက်ပွဲပြီးတယ်။ ဖမ်းမိထားတဲ့ သူတွေကို စစ်သုံ့ပန် ကျင့်ဝတ်နဲ့အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။ ကျွန်တော်တို့ NPDF အနေနဲ့ တိုက်ပွဲတွေ ဆိုက်တိုက်ဖော်ဆောင်နေတာရှိပါတယ်။ ရှေ့လျောက်လည်း အကောင်းဆုံး လုပ်ဆောင်သွားဖို့ပြင်ဆင်နေပါတယ်။ကျွန်တော်တို့ တိုက်ပွဲဖော်ဆောင်တဲ့နေရာမှာ ကုန်ကျစရိတ်တွေများပါတယ်။ လိုအပ်ချက်တတွ များနေပါတယ် ဒါကြောင့် ကျွန်တော်တို့ ကံစမ်းမဲ အစီအစဉ်လုပ်နေတာရှိပါတယ် ပါဝင်ပေးကြဖို့နဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းကူညီထောက်ပံ့ပေးဖို့ တိုက်တွန်းပေးစေချင်ပါတယ်” ဟု ခန္တီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article