ရန်ကုန်၊ ဒီဇင်ဘာ ၅
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ အောင်သာကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချမှု အသက် ၁၃ နှစ်အရွယ် ကလေးငယ် အပါအဝင် မိသားစုဝင် ၃ ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
ယမန်နေ့ ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၄ နာရီ ၄၅ မိနစ်အချိန် နွားထိုးကြီးမြို့နယ်၊ အောင်သာကျေးရွာပေါ်သို့ အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်လေယာဉ်များက ဗုံးများ ကျချခဲ့ကြောင်း၊ အဆိုပါ ဗုံးကျဲမှုကြောင့် မိသားစုတစ်စုတည်းမှ အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး၊ မိခင်နှင့်ဖခင်တို့ သေဆုံးသွားကြောင်း၊ သေဆုံးသူများ ကိုကျော်သူမိုး၊ ဇနီး မခင်အေးကြင်နှင့် သားဖြစ်သူ မောင်အောင်ပြည့်လျှံတို့ဖြစ်ကြောင်း သိရှိရသည်။
“သေဆုံးသွားတဲ့ ကိုကျော်သူမိုးက အသက် ၄၈ နှစ်ပါ၊ ဇနီးဖြစ်သူ မခင်အေးကြင်က အသက် ၄၆ နှစ်။ သားဖြစ်သူက အသက် ၁၃ နှစ်အရွယ် မောင်အောင်ပြည့်လျှံပါ။ သူတို့အိမ်ပေါ်ကို လေယာဉ်က ဗုံးကျဲချတာ။ နွား ၆ ကောင်ရှိရာမှာလည်း ၅ ကောင်သေဆုံးတယ်။ အိမ်လည်း ပျက်စီးသွားပါတယ်” ဟု အဆိုပါကျေးရွာမှ တော်လှန်ရေး ထောက်/ပို့ ကိုအုန်းခိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဒီဇင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန်ကလည်း နွားထိုးကြီးမြို့နယ်၊ လုံးတောရွာနှင့် သမန်းတောရွာ အကြားရှိ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် ကျောင်းထိုင် ဘုန်းကြီးနှင့် ကိုရင် ၁ ပါး ပျံလွန်တော်မူပြီး ပြည်သူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ထို့အတူ ဒီဇင်ဘာလ ၂ ရက်နေ့ ညနေ ၄ နာရီခန့်တွင် နွားထိုးကြီးမြို့နယ်၊ နဘဲမြစ်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရွာအပြင်ဘက်တွင် ဖွင့်လှစ်ထားသော ကိုရီးယားဘာသာစကား သင်တန်းကျောင်းကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ကျောင်းသား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၂၃ ရက်နေ့ ညနေ ၂ နာရီ ၄၀ မိနစ်အချိန် နွားထိုးကြီးမြို့နယ်အရှေ့ခြမ်း၊ မင်းစုံ တောင် သစ်တောကြိုးဝိုင်းအတွင်းရှိ တောင်ပေါ် ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ် က ဂျက်ဖိုက်တာဖြင့် ၄ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၈၀ အရွယ် ကျောင်း ထိုင်ဆရာတော် အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်းဆောင်နှင့် ဓမ္မာရုံမှာလည်း လုံးဝပြိုကျ ပျက်စီး သွားခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က နွားထိုးကြီးမြို့နယ်အတွင်းတွင် စစ်ရေးပစ်မှတ်မဟုတ်သော၊ တော်လှန်ရေးတပ်ဖွဲ့များ အခြေ ချထားခြင်းမရှိသော ကျေးရွာများကို ပစ်မှတ်ထား၍ စစ်တပ်က လေကြောင်း ဗုံးကျဲခြင်း၊ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းများ မကြာခဏ လုပ်ဆောင်လျက်ရှိသဖြင့် ပြည်သူများ ထိခိုက်သေဆုံးမှုများဖြစ်ပေါ်လျက်ရှိကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar