အိန္ဒိယအစိုးရက မြန်မာ့အရေး ကူညီဖြေရှင်းရာတွင် တော်လှန်ရေးအင်အားစုများအပေါ် မျှတသော ဆက်ဆံခြင်းနည်းလမ်း ကျင့်သုံးရန် အရပ်ဘက်အဖွဲ့ ၄ ခုက တောင်းဆို
အိန္ဒိယအစိုးရသည် မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းရာတွင် ပြည်သူ့တော်လှန်ရေးအင်အားစုများအပေါ် မျှတသော ဆက်ဆံခြင်း နည်းလမ်းကို ခိုင်မာသည့် မူတစ်ရပ်အဖြစ် ထည့်သွင်းကျင့်သုံးရန် မြန်မာ့အရေးလှုပ်ရှားနေသည့် အရပ်ဘက်အဖွဲ့ ၄ ခုက ယနေ့ပူးပေါင်း၍ သဘောထားကြေညာချက်ထုတ်ပြန်တောင်းဆိုသည်။
မင်းအောင်လှိုင်နှင့် အကြမ်းဖက်စစ်အုပ်စုက မတရား အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် မြန်မာနိုင်ငံအတွင်း ပဋိပက္ခဖြေရှင်းနိုင်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် အိန္ဒိယနိုင်ငံ အစိုးရအနေဖြင့် ကူညီပံ့ပိုးရန်ဆွေးနွေးရာတွင် အကြမ်းဖက်စစ်အုပ်စုကို တရားဝင်ဖိတ်ကြား၍ ပြည်သူ့ တော်လှန်ရေးအင်အားစုအချို့ကို တရားမဝင်မဟုတ်သည့် နည်းလမ်းနှင့် တွေ့ဆုံမှုသည် လုံးဝမှားယွင်းသည့် ချဉ်းကပ်မှုဖြစ်ကြောင်း ထောက်ပြထားသည်။
အဆိုပါ သဘောထားကြေညာချက်ကို India For Myanmar၊ Blood Money Campaign, Defend Myanmar Democracy ၊ Generation’ Solidarity Coalition of Nationalities တို့ က ပူးပေါင်း၍ ထုတ်ပြန်တောင်းဆိုခြင်းဖြစ်သည်။
အိန္ဒိယအစိုးရအနေနှင့် မြန်မာ့ပဋိပက္ခကူညီဖြေရှင်းမှု အောင်မြင်နိုင်ရေးအတွက် မျှတသော ဆက်ဆံခြင်းကို ခိုင်မာသည့် မူတစ်ရပ်အဖြစ် ထည့်သွင်းကာ မြန်မာနိုင်ငံအရေးတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ပါဝင်ပက်သက်နေသော ပြည် တွင်း၊ ပြည်ပ အင်အားစုအားလုံးနှင့် လက်တွဲဆောင်ရွက်သင့်ကြောင်း၊ မြန်မာပြည်သူများလိုလားသော နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး ရလဒ်များ ပေါ်ထွက်လာသည်အထိ ဦးဆောင် ကူညီပေးရန် အလေးအနက် တိုက်တွန်းတောင်းဆိုသည်။
ထို့ပြင် အိမ်နီးချင်းနိုင်ငံများ၊ နိုင်ငံတကာအစိုးရများအနေနှင့် မြန်မာ့အရေးနှင့် ပတ်သက်၍ ကူညီပံ့ပိုးလိုပါက ပြည်သူ့တော် လှန်ရေးအင်အားစုများ၊ အကြမ်းဖက်စစ်ကောင်စီ၊ ၎င်းနှင့် နီးစပ်သည့် အဖွဲ့အစည်းများအကြား မျှတသော ဆက်ဆံခြင်းကို အခြေခံမူအဖြစ် မဖြစ်မနေလိုက်နာကျင့်သုံးရန်လည်း အရပ်ဘက်အဖွဲ့များက ထောက်ပြထားသည်။