တောင်ကုတ်၊ ကမ်းဒေးရွာနှင့် မတ္တရာရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စာသင်ကျောင်းပျက်စီး
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ကမ်းဒေးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် စာသင်ကျောင်း ပျက်စီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် တောင်ကုတ်မြို့နယ်၊ ကမ်းဒေးရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း အရပ်သားပြည်သူများ ထိခိုက် သေဆုံးမှု ရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ကျေးရွာအတွင်းရှိ စာသင်ကျောင်း ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Wetlet Informational Network က ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၉ မိနစ်ခန့်တွင် တံတားဦးမှ တက်လာသည့် အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးက မတ္တရာမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများကို ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ ထိခိုက်မှု အခြေအနေနှင့် ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
Photo Credit – APM