28 C
Yangon

မိုးဗြဲအင်းအရှေ့ဘက်ကမ်း ဆောင်နန်ခဲကျေးရွာကို စစ်ကောင်စီတပ်နှင့် PNO များ မီးတင်ရှို့

Must read

ရန်ကုန်၊ မေ ၁၆

ရှမ်း-ကရင်နီအစပ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲအင်းအရှေ့ဘက်ကမ်းရှိ ဆောင်နန်ခဲကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် PNO ပြည်သူ့စစ်တပ်ဖွဲ့များက ယနေ့ မေလ ၁၆ ရက် ညနေ ၅ နာရီတွင် မီးတင်ရှို့ဖျက်ဆီးနေကြောင်း သတင်းရရှိသည်။

“စစ်ကောင်စီနဲ့ PNO တွေ ဒီညနေ ၅ နာရီမှာ ဆောင်နန်ခဲကို မီးရှို့တယ်၊ ကြည့်ရတာ တရွာလုံး ကုန်မယ်ထင်တယ်။ ရွာသားတွေက မရှိတော့ဘူး။ ဖယ်ခုံကနေ အင်းအရှေ့ဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ကတည်းက ရွာသားတွေ ပြေးကြပြီ၊ အင်းကို ကျော်ပြီး ပစ်တော့ ရေပြင်ကို လက်နက်ကြီးတွေက ဖြတ်လာတော့ အသံက အရမ်းကျယ်တယ်လေ၊ ကလေးတွေက အသံကို မခံနိုင်ဘူး အော်ငိုကြတော့ ရွာသားတွေ အကုန်ပြေးပြီ၊ ကယန်းပြည်သစ်အဖွဲ့တွေလည်း မရှိတော့ဘူး” ဟု ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ တပ်ဖွဲ့ဝင် ၁ ဦးက ရန်ကုန်ခေတ်သစ်သို့ အတည်ပြုပြောဆိုသည်။

မေလ ၁၂ ရက် နံနက်တွင် စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်တပ်ဖွဲ့များ စခန်းချသော ထီးရီကျေးရွာရှိ ဂိတ်စခန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဖယ်ခုံအခြေစိုက် တပ်ရင်းများမှ လက်နက်ကြီးပစ်ကူများ ပစ်ခတ်ခဲ့သလို မိုးဗြဲအင်းအရှေ့ဘက်ကမ်းကို လေကြောင်းမှ ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ယင်းနောက် စစ်ကောင်စီနှင့် PNO ပူးပေါင်းတပ်ဖွဲ့သည် ထီးရိကျေးရွာတောင်ဘက်ရှိ တောင်ပို့ကွဲနှင့် ဟိုပန်ကျေးရွာများကို ဝင်ရောက်စီးနင်းကာ အများပြည်သူပိုင် တန်ဖိုးရှိ ပစ္စည်းများကို ခိုးယူခဲ့သလို တောင်ဘက်ရှိ ဆောင်နန်ခဲကျေးရွာဘက်သို့ ထိုးစစ်ဆင်လာခဲ့ခြင်းဖြစ်သည်။

“သူတို့တွေက ဆောင်နန်ခဲနားကို ထိုးစစ်ဆင်လာတယ်၊ PNO ပါတာ အသေအချာပဲ။ စစ်ကောင်စီက လမ်းတွေမသိဘူး။ အရင်ရက်က တိုက်ပွဲမှာ သူတို့ကတောင်ကုန်း ၁ လုံးကိုတော့ ရသွားတယ်ပေါ့။ ပြီးတော့ ဆက်ထိုးလာတယ်၊ သူတို့ဘက်က အသေများတယ်။ မနေ့ညမှာ ဆောင်နန်ခဲမှာ စခန်းချနေပြီ၊ ရွာထဲက ကြက်၊ ဝက်တွေ ဖမ်းစားနေကြတယ်။ ကျနော်တို့ မနေ့ညက ကင်းသွားပတ်တော့ သူတို့က ကျနော်တို့ကို တွေ့ပြီး အရင်ပစ်တာ၊ ကျနော်တို့က ပြန်ပစ်ပြီး ဆုတ်လာခဲ့တာ၊ ကင်းထောက်တွေလည်း ဝဲတယ်” ဟု ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ တပ်ဖွဲ့ဝင် ၁ ဦးက ဆက်လက်ပြောဆိုသည်။

ယနေ့နံနက်တွင် မိုးဗြဲရေကာတာအနီးရှိ ဒေါပေါ်ကူးနှင့် ကန်းကိုင်းလယ်ထွန်ကျေးရွာအနီးတွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article