နတ်တလင်းမြို့နယ်တွင် ကင်းလှည့်ရန်ထွက်လာသည့် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ဆိုင်ကယ် ၇ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် ကင်းလှည့်ရန် ထွက်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ဆိုင်ကယ် ၇ စီးကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း တပ်ရင်း ၃၈၀၁ တပ်ခွဲ ၃ နတ်စစ်သည် တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ ညနေ ၅ နာရီ ၂၄ မိနစ်ခန့်တွင် နတ်တလင်းမြို့နယ်တွင် ဆိုင်ကယ် ၇ စီးဖြင့်ကင်းလှည့်ရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက လယ်မအင်းကျေးရွာ အနီးတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းမိုင်းဆွဲ တိုက်ခိုက်မှု အတွင်း ဆိုင်ကယ် ၃ စီး မိုင်းထိမှန်ပြီး စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း၊ သေဆုံးသွားသော စစ်သားအလောင်းများကို ဖောကားဖြင့် နတ်တလင်း မြို့ပေါ်ကို ပြန်လည် သယ်ဆောင်သွားကြောင်း သိရှိရသည်။
“ဒီနေ့ ညနေပိုင်း လယ်မအင်းကျေးရွာအနီးမှာ ဆိုင်ကယ် ၇ စီးနဲ့ ကင်းပတ်ဖို့ ထွက်လာတဲ့ စစ်ခွေးတွေကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တာ ဆိုင်ကယ် ၃ စီးကို ထိမှန်ခဲ့တယ်။ စစ်ခွေး ၂ ကောင်ကတော့ ပွဲချင်းပြီးသေပါတယ်။ သေသွားတဲ့ စစ်ခွေး အလောင်းနဲ့ ဆိုင်ကယ်ကို ဖောကားနဲ့ နတ်တလင်းမြို့ကို ပြန်သယ်သွားတယ်” ဟု တပ်ရင်း ၃၈၀၁ တပ်ခွဲ ၃ နတ်စစ်သည် တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။