27 C
Yangon

AA က တောင်ကုတ်မြို့နယ်ကို အပြီးသတ် သိမ်းပိုက်ပြီးနောက် ပလက်၀ အပါ အဝင် ရခိုင်ပြည်နယ်တစ်ဝန်းလုံးတွင် မြို့နယ် ၁၃ ခုကို သိမ်းပိုက်ထိန်းချုပ်

Must read

AA က တောင်ကုတ်မြို့နယ်ကို အပြီးသတ် သိမ်းပိုက်ပြီးနောက် ပလက်၀ အပါ အဝင် ရခိုင်ပြည်နယ်တစ်ဝန်းလုံးတွင် မြို့နယ် ၁၃ ခုကို သိမ်းပိုက်ထိန်းချုပ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

အာရက္ခတပ်တော် AA က တောင်ကုတ်မြို့နယ်ကို အပြီးသတ်တိုက်ခိုက်သိမ်း ပိုက်လိုက်ပြီးနောက် ပလက်၀ဒေသ အပါအဝင် ရခိုင်ပြည်နယ်တစ်လုံးတွင် AA က တိုက်ခိုက်သိမ်းပိုက်ရရှိထားသော မြို့နယ်ပေါင်း ၁၃ ခုရှိလာပြီဖြစ်ကြောင်း သိရှိရသည်။

AA က တောင်ကုတ်မြို့နယ်ရှိ အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို ဒီဇင် ဘာလ၁၄ ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်ဝန်းကျင်အချိန် အပြီးသတ် သိမ်းပိုက် တိုက်ခိုက် ရှင်းလင်းလိုက်ပြီဖြစ်ကြောင်း၊လွတ်မြောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း လိုက်လံ ဖမ်းဆီး ရှင်းလင်းလျက်ရှိကြောင်း၊ တောင်ကုတ်မြို့နယ်တစ်ခုလုံးကို AA က အပြီးသတ်သိမ်းပိုက် ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း AA ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခက တရားဝင် ထုတ်ဖော်ပြောဆိုသည်။

တောင်ကုတ်မြို့နယ်ကို AA က နိုဝင်ဘာလ ၄ ရက်နေ့တွင် စတင် ထိုးစစ်ဆင်ခဲ့ပြီး တောင်ကုတ်မြို့ကို နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ထိန်းချုပ်ခဲ့ကာ တောင်ကုတ်မြို့နယ်တစ်ခုလုံးကို ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် AA က ပလက်၀မြို့နယ်၊ ကျောက်တော်မြို့နယ်၊ တောင်ကုတ်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ မင်းပြားမြို့နယ်၊ မောင်တောမြို့နယ်၊ မြေပုံမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ သံတွဲမြို့နယ် အပါအဝင် မြို့နယ် စုစုပေါင်း ၁၃ မြို့နယ်ကို သိမ်းပိုက်ရရှိခဲ့ပြီးဖြစ်သည်။

လတ်တလောတွင် AA က အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဆက်လက် ထိုးစစ်ဆင်လျက်ရှိပြီး ဂွမြို့နယ်ကိုလည်း တိုက်ခိုက်သိမ်းပိုက်ရရှိရေး ဆက်လက် ထိုးစစ်ဆင်လျက်ရှိကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက စစ်တွေမြို့နယ်၊ ကျောက်ဖြူမြို့နယ်တို့တွင် အကြီး အကျယ် ခံစစ် ပြင်ဆင်လျက်ရှိပြီး အထူးသဖြင့် ကျောက်ဖြူမြို့နယ်တွင် တရုတ်စီမံကိန်းများ ရှိနေသည့်အတွက် တရုတ်နှင့်ပူးတွဲ၍ လုံခြုံရေး ပြင်ဆင်မှုများ ဆောင်ရွက်နေကြောင်း တပ်သတင်းရင်းမြစ်များက ဆိုကြသည်။

ဓာတ်ပုံ- ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ နခခ ၅ စခန်းကို AA က ဒီဇင်ဘာလ ၁၀ ရက်နေ့ အပြီးသတ်သိမ်းပိုက်ခဲ့စဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article