တနင်္သာရီမြို့နယ်တွင် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၂ ဦး ဒဏ်ရာရ၊ လောင်းလုံးတွင်လည်း စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲမှု စစ်သား ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကုန်းကျေးရွာအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း တနင်္သာရီမြို့နယ် ပကဖ ဇုံ ၅ တောဗုံးကြီးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဒီဇင်ဘာလ ၁၅ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်က တနင်္သာရီမြို့နယ်၊ ညောင်ပင်ကုန်း ကျေးရွာ အနီးပတ်ပတ်လည်၌ အင်း ၆၀ ခန့်ဖြင့် တပ်စွဲထားသောအကြမ်းဖက်စစ်သားများအနက် စစ်သား ၁၀ ဦးသည် ပြည်သူ့ နေအိမ်အတွင်း ဝင်ရောက်ကာစုဝေးနေကြောင်းသတင်းအရ တနင်္သာရီ မြို့နယ် ဇုံ – ၅ ဒရုံးအဖွဲ့မှ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“သူတို့ကလာပြီး တပ်စွဲထားတာ ၁ လောက်ရှိပြီ။ ရွာပတ်ပတ်လည်နဲ့နေအိမ်တွေထဲမှာ ဝင်ပြီးနေရာ ယူတပ်စွဲထားတာ၊ သူတို့နေအိမ်တစ်လုံးထဲမှာ စုပြီးနေတယ်သတင်းရလို့ ဒရုန်းနဲ့ဗုံးသီး သွားချတာ၊ တစ်လုံးပဲချခဲ့တယ်။ ဒဏ်ရာရတဲ့ နှစ်ယောက်ကို ခမရ ၅၅၆ တပ်ရင်းထဲကို သယ်သွားတာ။ ရွာထဲမှာ နေတဲ့ ပြည်သူတွေကတော့ ရှောင်နေရတာ၊ လက်ရှိအထိ ရွာထဲမှာ စခတွေရှိသေးတယ်။” ဟု တနင်္သာရီမြို့နယ် ပကဖ ဇုံ ၅ တောဗုံးကြီးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ထို့သို့ ဗုံးကျဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ကို ဇဝဲကျေးရွာအခြေစိုက် ခမရ ၅၅၆ တပ်ရင်းအတွင်းသို့ ကားဖြင့် သယ်ဆောင်သွား ကြောင်း သိရ သည်။
အဆိုပါ အကြမ်းဖက်စစ်သားများသည် ညောင်ပင်ကုန်းကျေးရွာ အနီးနားတစ်ဝိုက်၌ ဝင်ရောက်တပ်စွဲ လှုပ်ရှားနေသည်မှာ ၁ လ ခန့်ကြာမြင့်နေပြီဖြစ်ပြီး ကျေးရွာနေပြည်သူများမှာလည်း ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း သိရသည်။
အလားတူ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် ကမြောအင်းတံတားဘက်မှ လောင်းလုံးမြို့နယ်အတွင်း ဝင်ရောက်လာသော အကြမ်းဖက်စစ်ကြောင်းကို လောင်းလုံးမြို့နယ်၊ မင်းရပ်ရွာ အနောက်ဘက် တောင်ကြောတနေရာ အရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ၁ ဦး သေဆုံးသွားကြောင်း သိရှိရသည်။
ထို့ပြင် ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၂ နာရီ ၃၀ မိနစ်အချိန်တွင်လည်း မိုင်းဆွဲတိုက်ခိုက်သည့် နေရာမှ ဆက်လက်ထွက်ခွာလာ သည့် အကြမ်းဖက်စစ်ကြောင်းကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“စစ်ကြောင်းက ၁၂ ရက်နေ့ မနက် ၉ နာရီလောက်မှာ ကမြောကင်းတံတားကနေစပြီး ဆင်းလာ တာပါ လက်ရှိစစ်ကြောင်းက လောင်းလုံးမြို့ပေါ်မှာ အင်အားတစ်၀က်လာဖြည့်ခဲ့ပြီး ကျန်တစ်၀က် တော့ လာလမ်းအတိုင်း ပြန်ထွက်သွားပြီဗျ၊ မိုင်းဆွဲတာတော့ ၂ ကြိမ်စလုံး မင်းရပ်ရွာအနောက်ဖက် တောင်ကြောမှာပါ။” ဟု လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ထား၀ယ်ခရိုင်အမှတ် ၁ တပ်ရင်း၊ အမှတ် ၂ တပ်ရင်း အရိပ်မဲ့အထူးပြောက် ကျား တပ်ဖွဲနှင့် လောင်းလုံး(ပကဖ) ဇုန်-၃ ရဲဘော်များ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
အကြမ်းဖက်စစ်တပ်စစ်ကြောင်းက လမ်း၌တွေ့ရှိသော ပြည်သူများကို ဓားစာ ခံ ဖမ်းဆီးပြီး ပြည်သူ တစ်ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း၊ လောင်းလုံးမြို့ပေါ်တွင် အင်အားဖြည့်တင်းထားပြီး စစ် ရေးပြင်ဆင်နေမှုရှိသဖြင့် အချိန် မရွေးတိုက်ပွဲဖြစ်ပွားနိုင်ကြောင်း သတိပေးထားသည်။
“စစ်ကြောင်းကလာရာလမ်းတလျှောက်မှာရှိတဲ့ ရွာတွေက ပြည်သူတွေကို ဓားစာခံဖမ်းဆီးတာရှိ တယ်၊ ပြည်သူတစ်ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့တယ်၊ ဖမ်းခံရတဲ့ပြည်သူက ၁၀ ဦးအထက်ရှိ တယ်။ အရေအတွက်အတိအကျတော့ ပြောလို့မရဘူး။ ပြန်လွတ်လာတဲ့သူတွေလည်းရှိတယ်။ အဓိကတော့ မိဘပြည်သူတွေအနေနဲ့ စစ်ရေးသတင်းတွေအမြဲနားစွင့်ပြီး နေဖို့ပြောချင်ပါတယ်။ အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်တာမို့ပါ။” ဟု လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ- တနင်္သာရီမြို့နယ်ပကဖက စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်စဉ်။