ရန်ကုန်၊ မေ ၁၇
မြန်မာနိုင်ငံဟာ မအောင်မြင်တဲ့ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း နိုင်ငံတကာရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကြောင့် စီးပွားရေးအကြပ်အတည်းနှင့် ရင်ဆိုင်နေရပါတယ်။ အာဏာသိမ်းမှု၏ အကျိုးဆက်အနေနဲ့ မြန်မာငွေကြေးတန်ဖိုးမှာ စံချိန်တင် ကျဆင်းခဲ့သလို နိုင်ငံတကာ ရင်းနှီးမြှပ်နှံမှုများ ရပ်တန့်နေပြီး၊ ရှိရင်းစွဲ နိုင်ငံတကာကုမ္ပဏီကြီးတွေကလည်း တစတစ ပြန်လည်ထွက်ခွာနေတာကြောင့် နိုင်ငံခြားငွေ အသည်းအသန် လိုအပ်နေတဲ့ စစ်ကောင်စီဟာ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကနေ နိုင်ငံခြားငွေ ရရှိနိုင်ဖို့ ကြိုးပမ်းလာတာ တွေ့ရပါတယ်။
ဒါကြောင့်ပဲ စစ်ကောင်စီဟာ နိုင်ငံခြားဝင်ငွေ ရရှိနိုင်ဖို့ ရည်ရွယ်ပြီး ကိုဗစ်ကူးစက်ရောဂါကြောင့် ၂၀၂၀ခုနှစ် မတ်လကထဲက ပိတ်ပင်ထားတဲ့ နိုင်ငံခြားခရီးသွား ပြည်ဝင်ခွင့် ဗီဇာတွေကို ပြန်လည် ထုတ်ပေးတော့မယ်လို့ မကြာမှီရက်ပိုင်းအတွင်းက ကြေငြာခဲ့ပါတယ်။ e-Visa (Tourist) လျှောက်လွှာများကိုလည်း မေလ ၁၅ရက်နေ့မှ စတင်ပြီး လက်ခံခွင့်ပြုမယ် လို့လည်း ထပ်မံ ကြေငြာခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ နိုင်ငံခြားငွေ ရှာဖွေပေးနိုင်တဲ့ နယ်စပ်ဂိတ်တွေကိုလည်း ပြန်လည်ဖွင့်နိုင်ဖို့ ကြိုးစားလာတာ တွေ့ရပါတယ်။ ဒါပေမဲ့ စစ်ကောင်စီအနေနဲ့ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ဖို့ကလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ပြီးခဲ့တဲ့ လတွေကထဲက ဖွင့်လှစ်မယ်ဆိုတဲ့ ထိုင်း – မြန်မာ နယ်စပ်ဂိတ် မဲဆောက်-မြဝတီ ချစ်ကြည်ရေးအမှတ် ၁ တံတား ဟာလည်း ယနေ့အချိန်ထိ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသလို၊ တရုတ်-မြန်မာ နယ်စပ် စီးပွားရေးဂိတ်တွေဟာလည်း တရုတ်ရဲ့ တင်းကျပ်လှတဲ့ ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိန်းချုပ်ရေး ပေါ်လစီများကြောင့် တနေ့ရွှေ တနေ့ငွေ ဆိုသလို ပိတ်တချည် ဖွင့်တလှည့် အနေအထား ဖြစ်နေတာ တွေ့ရပါတယ်။
တဖက်မှာလည်း ခရီးသွားလုပ်ငန်းတွေဟာ စစ်ကောင်စီကို နိုင်ငံတကာ တရားဝင်မှု ရရှိဖို့နဲ့ သူတို့ရဲ့ အကြမ်းဖက် လုပ်ရပ်တွေကို ငွေကြေးထောက်ပံ့နိုင်ရန်အတွက် နိုင်ငံခြားဝင်ငွေ ရရှိရေး ကြိုးပမ်းမှုတွေပဲ ဖြစ်တယ် လို့ မြန်မာ့အရေး တက်ကြွလှုပ်ရှားနေသူများက ဝေဖန်ပြောဆို နေကြပါတယ်။
“ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်နဲ့ အီး-ဗီဇာ တွေကို ပြန်လည်ထုတ်ပေးတော့မှာ ဖြစ်ပြီး၊ မကြာခင် ကမ္ဘာလှည့် ခရီးသည်များ လာရောက်ကြမယ်လို့ မျှော်လင့်ပါတယ်လို့ စစ်ကောင်စီ တာဝန်ရှိသူတွေက ပြောပေမဲ့ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေကတော့ ခရီးသွားလုပ်ငန်းမှာ အရေးပါဆုံးဖြစ်တဲ့ ဟိုတယ်နဲ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေအပါအဝင် မြန်မာနိုင်ငံရဲ့ အရေးပါတဲ့ စီးပွားရေးလုပ်ငန်း အားလုံးနီးပါးကို စစ်တပ်က ထိမ်းချုပ်ထားတဲ့အတွက် ခရီးသွားလုပ်ငန်းက ဝင်လာတဲ့ နိုင်ငံခြားငွေတွေဟာ စစ်တပ်ရဲ့လက်ထဲ ပြန်ရောက်သွားမှာပါ လို့ ဝေဖန်ပြောဆိုကြတာပါ။
မြန်မာ့ခရီးသွားကဏ္ဍနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ပြည်တွင်းရေး အကြီးအကျယ် မငြိမ်မသက် ဖြစ်နေတဲ့ မြန်မာနိုင်ငံအတွက် ခရီးသွား သတိပေးချက်များ ထုတ်ပြန်ထားပြီး၊ လက်ရှိအာဏာသိမ်းမှုရဲ့ အကျိုးဆက်များနဲ့ လက်နက်ကိုင် ပဋိပက္ခများကြောင့် သူ့နိုင်ငံသားတွေကို မြန်မာနိုင်ငံသို့ မသွားကြဖို့ အကြံပေးချက် ထုတ်ပြန်ထားပါတယ်။
လူ့အခွင့်အရေး လှုပ်ရှားသူများအဖွဲ့ဖြစ်တဲ့ Justice for Myanmar ကတော့ “ကျွန်တော်တို့အနေနဲ့ စစ်ကောင်စီရဲ့ ဝင်ငွေရပေါက် ရလမ်း ဟူသမျှကို ပိတ်ပင်ဖို့ လိုပါမယ်။ မြန်မာနိုင်ငံကို လာမဲ့ နိုင်ငံခြားသား ဧည့်သည်တွေက မြန်မာစစ်တပ်နဲ့ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ပိုင်ဆိုင်တဲ့ ဟိုတယ်တွေနဲ့ သယ်ယူပို့ဆောင်ရေးတွေကို ရှောင်နိုင်မယ် ဆိုရင်တောင် ဗီဇာကြေး၊ အာမခံနဲ့ အခွန်တွေကနေတဆင့် စစ်အစိုးရကို ငွေကြေးထောက်ပံ့သလို ဖြစ်နေမှာပါ။ ဒါကြောင့် မြန်မာနိုင်ငံကို စီးပွားရေးအရဖြစ်စေ အားလပ်ရက် အပန်းဖြေဖို့ဖြစ်စေ လာဖို့ စဉ်းစားနေသူတိုင်းကို မလာကြဖို့နဲ့ သပိတ်မှောက်ကြဖို့ အတွက် တောင်းဆိုပါတယ်” လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။