နိုင်ငံရေးတက်ကြွလှုပ်ရှားသူ NLD လူငယ် ကိုဇော်ဇော်မိုးကို စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ် ထပ်မံချမှတ်သဖြင့် စုစုပေါင်းထောင်ဒဏ် ၃၁ နှစ်ကျခံနေရ
အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီးအကျဉ်းကျခံနေရသော နိုင်ငံရေးတက်ကြွလှုပ်ရှားသူ NLD လူငယ် ကိုဇော်ဇော်မိုးကို စစ်ကောင်စီတရားရုံးက ယနေ့ ထောင်ဒဏ် ၁၀ နှစ် ထပ်မံချမှတ်ပြီး စုစုပေါင်းထောင်ဒဏ် ၃၁ နှစ်ကျခံနေရကြောင်း နီးစပ်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ကိုဇော်ဇော်မိုးကို ၂၀၂၁ ခုနှစ် ဩဂုတ်လအတွင်း စမ်းချောင်းမြို့နယ်တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လက်နက်ဥပဒေပုဒ်မ ၁၉(စ) ဖြင့် ထောင်ဒဏ် ၃ နှစ်၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂ (၂) လူသတ်မှုဖြင့် ထောင်ဒဏ် ၁၀ နှစ်၊ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် ၃ နှစ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၁ (ဂ) ဖြင့် ၅ နှစ် စုစုပေါင်း ထောင်ဒဏ် ၂၁ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း၊ ယခုတစ်ဖန် လက်နက်မှုဖြင့် ထောင်ဒဏ် ၁၀ နှစ် ထပ်မံ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ကိုဇော်ဇော်မိုးကို ကိုဟိန်းရူပအောင်၊ ကိုပိုင်စိုးမိုး၊ ကိုညီညီထွန်းတို့နှင့်အတူ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကိုဟိန်းရူပအောင်ကို ၂၀၂၁ ခုနှစ်အောက်တိုဘာလတွင် စစ်ခုံရုံးကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ဈ) ဖြင့်ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ထားခဲ့ကြောင်း၊ ကိုပိုင်စိုးမိုးကို နိုင်ငံတော်ဆူပူမှုဖြစ်စေရန် လှုံ့ဆော်မှုပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် ၃ နှစ်၊ လက်နက်ဥပဒေပုဒ်မ ၁၉ (စ) ဖြင့် ထောင်ဒဏ် ၃ နှစ်၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ – ၃၀၂ (၂) လူသတ်မှုဖြင့် ၁၀ နှစ်၊ ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများပုဒ်မဖြင့် ထောင်ဒဏ် ၅ နှစ်၊ အကြမ်း ဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၁ (ဂ) ဖြင့် ထောင်ဒဏ် ၅ နှစ် စုစုပေါင်း ထောင်ဒဏ် ၂၆ နှစ် ချမှတ်ထားကြောင်း သိရှိရသည်။
ကိုညီညီထွန်းကိုမူ အလားတူ ပုဒ်မများဖြင့်ပင် ထောင်ဒဏ် စုစုပေါင်း ၂၃ နှစ် ချမှတ်ထားကြောင်း၊ အဆိုပါ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၄ ဦးစလုံးကို စစ်ကောင်စီက အမှုဆင် ဖမ်းဆီး ထောင်ဒဏ်နှစ်ရှည်များ ချမှတ်ထားခြင်းဖြစ်ကြောင်း နီးစပ်သူများက ပြောဆိုသည်။