27 C
Yangon

ကန့်ဘလူမြို့နယ်၊ မန်ကျည်းကုန်းရွာ အနီး တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၁ ဦးသေဆုံးကာ လက်နက် ၉ လက် သိမ်းဆည်းရရှိ

Must read

ကန့်ဘလူမြို့နယ်၊ မန်ကျည်းကုန်းရွာ အနီး တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၁ ဦးသေဆုံးကာ လက်နက် ၉ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၁၈

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မန်ကျည်းကုန်းရွာ အနီး တိုက်ပွဲဖြစ်ပွားတွင် အကြမ်းဖက် စစ်တပ်ဘက်မှ ၁၁ ဦးသေဆုံးကာ လက်နက် ၉ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာ ၁၆ ရက်နေ့ နံနက် ၆ နာရီ ၂၀ မိနစ်ခန့်တွင် ကျွန်းလှမြို့နယ်၊ ကုက္ကိုကုန်းရွာအထိုင်မှ ထွက်လာသော အကြမ်းဖက် စစ်သားနှင့် ပျူစောထီး ပူးပေါင်း စစ်ကြောင်းကို ကန့်ဘလူခရိုင်အတွင်းရှိ တော်လှန်ရေးအင်အားစုများက ကန့်ဘလူမြို့နယ်၊ မန်ကျည်းကုန်းရွာအနီးတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၁ ဦးသေဆုံးပြီး သေနတ် ၉ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေး အင်အားစုများ ဘက်မှ Drone ၂ စီး ဆုံးရှုံးခဲ့ပြီး ရဲဘော် ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲ ဖြစ်ပွားပြီးနောက် သေဆုံးသွားသော စစ်သား အလောင်းများနှင့် ထိခိုက် ဒဏ်ရာရသူများကို ကား ၃ စီးဖြင့် ကျွန်းလှမြို့မှတဆင့် ကန့်ဘလူ ကုတင် ၁၀၀ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲသည် တနေကုန်နီးပါး ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ အကျအဆုံးများသောကြောင့် မွန်းလွဲ ၁၂ နာရီ ၅ မိနစ်နှင့် ၁၂ မိနစ်တို့တွင် တံတားဦးမှ တက်လာသည့် Jet Fighter ၁ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ကာ လေကြောင်း ပစ်ကူပေးခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း သေဆုံးသွားသော စစ်သားနှင့် ပျူစောထီး အလောင်းများကို ကန့်ဘလူ သုဿာန်တွင် ယနေ့ မွန်းလွဲပိုင်း၌ မီးသင်္ဂြုဟ် ခဲ့ကြောင်း၊ မီးသင်္ဂြိုဟ်သည့် အချိန်၌ သုဿာန်အနီး ပြည်သူများပင် ဖြတ်သန်းခွင့်မရှိဟု သိရကြောင်း၊ သုဿာန်အနီးတွင်လည်း အကြမ်းဖက် စစ်တပ်က ဘန်ကာဆောက်၍ ဂိတ်ချထားကြောင်း သိရသည်။

ထို တိုက်ပွဲအတွင်း သေဆုံးခဲ့သည့် နတ်ပေးရွာမှ ပျူစောထီး ၁ ဦး ၊ သင်မန်းတောရွာမှ ငဖြိုးနှင့် ရာကျော်ဝင်းအပြင် အလောင်းပြန်မရသည့် ပိုင်ရှင်မဲ့ အထုပ် ၅ ထုပ်လဲ ရွာပြန်ရောက်ခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article