ရန်ကုန်၊ မေ ၁၇
စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ် ရှိ သိမ်တော်ကျေးရွာနှင့် အင်းပတ်ကျေးရွာတို့တွင် စစ်တပ်က အကြောင်းမဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နှစ်ရွာပေါင်း ပြည်သူပိုင်နေအိမ် ၂၃ လုံး ပြာကျကာ ပြည်သူ ၂ ဦးကိုလည်း စစ်တပ်က မီးရှို့သတ်ဖြတ်သွားကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
မေလ ၁၅ ရက်နေ့ နံနက် ၈ နာရီ ၂၀ မိနစ် အချိန် ရေဦးမြို့ဘက်မှ ရောက်ရှိနေသော အင်အား၁၀၀ကျော်ပါသည့် စစ်ကြောင်းက ရွှေယမင်းကျေးရွာကို အကြမ်းဖက်မွှေနှောက်ဖျက်ဆီးခဲ့ပြီး အနီးရှိ သိမ်တော်ကျေးရွာကို လည်း နံနက် ၁၁ နာရီ ၄၅ မိနစ် အချိန် ခန့် မီးရှို့ဖျက်ဆီးသဖြင့် နေအိမ် ၁၇ လုံး ပြာကျသွားကြောင်း၊ ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်လာခဲ့သော ပြည်သူတစ်ဦးကို ကောက်ရိုးပုံပေါ်မီးရှို့သတ်ဖြတ်ထားကြောင်း၊ အလောင်းမှာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေ၍ မည်သူမည်ဝါဆိုသည်ကို ခွဲခြားမရတော့ကြောင်း သိရှိရသည်။
ထိုစစ်ကြောင်းက မေလ ၁၆ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီအချိန်တွင် အင်းပတ်ကျေးရွာရှိ စစ်ရှောင် ပြည်သူများ နားခိုနေသော ကျေးရွာစာသင်ကျောင်းအတွင်း လက်နက်ကြီး ငယ်ပစ်ပြီးဝင်ရောက်ကြောင်း၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များက ခုခံသဖြင့် စစ်တပ် အထိနာ၍ ပြည်သူပိုင်နေအိမ် ၆ လုံး နှင့် ကောက်ရိုးပုံတို့ကို မီးရှို့ခဲ့ကြောင်း၊ ၎င်းတို့ ဖမ်းဆီးခေါ်ဆောင်လာသော ဓားစာခံ ပြည်သူတစ်ဦးကိုလည်း ပစ်သတ်ခဲ့ပြီး မီးရှို့ထားခဲ့ကြောင်း သိရှိရသည်။
သိမ်တော်ကျေးရွာနှင့် အင်းပတ်ကျေးရွာ ၂ရွာလုံးတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရမှုကြောင့် တိရစ္ဆာန်များ၊ နေအိမ်များပါ ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း၊ ခင်ဦးမြို့နယ်တွင် စစ်တပ်က ကျေးရွာပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်ပြုလုပ်နေပြီး အဖမ်းအဆီးခံပြည်သူများကိုလည်း စစ်ကြောင်းထဲ ခေါ်ဆောင်ပြီး လူသားဒိုင်းသဖွယ် ပြုလုပ်၍ ရက်စက်စွာ သတ်ဖြတ်မှုများရှိနေကြောင်း ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရှိရသည်။
“အခုအခြေအနေကတော့ အိုးမဲ့အိမ်မဲ့ များလာတာ ဖြစ်လို့ အထောက်အပံ့တွေ လိုအပ်နေပါတယ် လို့ ပြောချင်ပါတယ်” ဟု ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။
ဓာတ်ပုံ- ဖျက်ဆီးခံရသော ကျေးရွာများနှင့် သတ်ဖြတ်ခံထားရသော အရုပ်အလောင်း။
Photo- ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး။