ရန်ကုန်၊ မေ ၁၇
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့၊ မြို့မဈေးအတွင်း၌ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၁၉ ကြား ယနေ့ မေလ ၁၇ ရက် နံနက် ၁၀ နာရီမှ ၁၂ နာရီခွဲအထိ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံးကြောင်း KNDF တပ်ရင်း ၁၉ က သတင်းထုတ်ပြန်သည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် ဒီးမော့ဆို မြို့မရဲစခန်းမှ ကင်းပတ်လာသော အဖွဲ့ဖြစ်ပြီး ကရင်နီတပ်ဖွဲ့က အလစ်ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
အလားတူ မေလ ၁၄ ရက်တွင် ကရင်နီတပ်မတော် KA၊ KNDF တပ်ရင်း ၁၆ တပ်ဖွဲ့များနှင့် စစ်ကောင်စီကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံးကာ ခဲယမ်းအချို့သိမ်းဆည်းရမိကြောင်း၊ ကရင်နီရဲဘော် ၁ ဦး မစိုးရိမ်ဒဏ်ရာရကြောင်း KNDF တပ်ရင်း ၁၆ က ထုတ်ပြန်ထားသည်။
အလားတူ မွန်ပြည်နယ်၊ ဘီးလင်းမြို့အရှေ့မြောက်ဘက် ကျေးရွာများတွင်လည်း စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့ကြား ယနေ့ နံနက် ၈ နာရီမှ နံနက် ၁၀ နာရီအထိ ထိတွေ့တိုက်ပွဲဖြစ်ပြီး နှစ်ဖက်အကျအဆုံးရှိကြောင်း သတင်းရရှိသည်။
အင်အား ၆၀ ခန့်ပါသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် KNLA တပ်မဟာ ၁ တပ်ဖွဲ့၊ ဘီးလင်း ပ.က.ဖ၊ သထုံ TPDF ပူးပေါင်းအဖွဲ့ကြား ယနေ့နံနက် ၉ နာရီကျော်မှ ၁၀ နာရီဝန်းကျင်အထိ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း၊ ဘီးလင်း ပ.က.ဖ မှ ရဲဘော် ၂ ဦးကျဆုံးကာ ၁ ဦး ဒဏ်ရာရကြောင်း KNLA ပူးပေါင်းတပ်ဖွဲ့ထံမှ သိရှိရသည်။
တိုက်ပွဲဖြစ်ပွားစဉ် စစ်ကောင်စီတပ်က ဒေသခံ ရွာသား ၅ ဦးကို ပေါ်တာဆွဲသွားကြောင်း၊ ယင်းနောက်ပြန်လွှတ်ပေးကြောင်း၊ ဘီးလင်းမြို့နယ် ဇီးဝန်းအခြေစိုက် တပ်ရင်းမှ ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး သက်ကြီးအဘိုးအို ၂ ဦး ကျည်ထိမှန် သေဆုံးကြောင်း ဒေသခံ ၁ ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
အလားတူ မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ရေမျက်နီကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ နယ်မြေရဲစခန်းကို ယမန်နေ့ မေလ ၁၆ ရက် ည ၈ နာရီ ၁၀ မိနစ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ထီးလင်းက ဝင်ရောက်တိုက် ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း PDF ထီးလင်းက သတင်းထုတ်ပြန်သည်။
စခန်းသိမ်းတိုက်ပွဲဆင်နွှဲရန် တိုက်ခိုက်ခဲ့ကြောင်း၊ ရဲဘော် ၁ ဦး ဒဏ်ရာပြင်းထန်ပြီး ပြန်လည်ဆုတ်ခွာခဲ့ကြောင်း PDF ထီးလင်းထံမှ သိရှိရသည်။