30 C
Yangon

မင်းလှတွင် စစ်တပ်က အုပ်ချုပ်ရေးမှူးများကို စစ်မှုထမ်း အစားထိုးငွေကြေး မကောက်ခိုင်းတော့ဘဲ တပ်သားသစ်လူငယ်များသာ မဖြစ်မနေ ခေါ်ယူပို့ဆောင်ပေးရန် ညွှန်ကြား

Must read

မင်းလှတွင် စစ်တပ်က အုပ်ချုပ်ရေးမှူးများကို စစ်မှုထမ်း အစားထိုးငွေကြေး မကောက်ခိုင်းတော့ဘဲ တပ်သားသစ်လူငယ်များသာ မဖြစ်မနေ ခေါ်ယူပို့ဆောင်ပေးရန် ညွှန်ကြား

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က အုပ်ချုပ်ရေးမှူးများကို စစ်မှုထမ်းအစားထိုး ငွေကြေး မကောက်ခံခိုင်းတော့ဘဲ တပ်သားသစ်လူငယ်များကို မဖြစ်မနေ ခေါ်ယူပို့ဆောင်ပေးရန် ညွှန်ကြားထားကြောင်း တပ်တွင်း သတင်းရင်းမြစ်နှင့်အုပ်ချုပ်ရေးအဖွဲ့များထံမှ သိရှိရသည်။

လာမည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ စတင်ပြီး မင်းလှမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက် စစ်တပ်က စစ်မှုထမ်း အစားထိုး ထောက်ပံ့ငွေကြေးများ ကောက်ယူ၍ စစ်တပ်ထံသို့ ပေးခြင်းများကို လက်မခံတော့ဘဲ တပ်သားသစ်များကိုသာ မဖြစ်မနေ ဆင့်ခေါ် ပို့ဆောင်ပေးရန် ညွှန်ကြားထားကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က အသက် ၁၄ နှစ်မှ အသက် ၃၅ နှစ်အရွယ် အမျိုးသားများကို မဖြစ်မနေ စစ်မှုထမ်းရန် ပို့ဆောင်ပေးရမည်ဖြစ်ပြီး ဆေးမအောင်သူများရှိပါက အဆိုပါဆေးမအောင်သူ၏ မိသားစုဝင်ထဲမှ အမျိုးသားတစ်ဦးက စစ်မှုထမ်းပေးရမည်ဟု ညွှန်ကြားလာကြောင်း သိရသည်။

“စစ်မှုထမ်းကြေး ကောက်ခံခိုင်းလို့ အုပ်ကြီးတွေ သတ်ခံရတာဆိုပြီး အုပ်ကြီးတွေက တင်ပြတော့ စစ်တပ်က ငွေမကောက်ခိုင်းတော့ဘူး။ စစ်မှုထမ်းဆင့်ခေါ်မရရင် ပေါ်တာဆွဲရမယ်လို့ ညွှန်ကြားထားတယ်။ လူငယ်တွေကို စစ်မှုမထမ်းခင် ဆေးစစ်ချက် ယူရမယ်။ ဆေးမအောင်ရင် မိသားစုဝင်ထဲက အမျိုးသားတစ်ဦးက စစ်မှုထမ်းပေးရမယ်လို့ ညွှန်ကြားထားတယ်။ ဒီလကုန်ကနေစပြီး ဖမ်းဆီးတာတွေ ညွှန်ကြားထားတယ်” ဟု အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လက်ရှိတွင် စစ်မှုထမ်း အပတ်စဉ် ၈ အတွက် စစ်မှုထမ်းအရေအတွက် ပြည့်မီခြင်းမရှိသဖြင့် သင်တန်းဖွင့်ရန် နောက်ကျနေပြီး လာမည့် စစ်မှုထမ်း အပတ်စဉ် ၉ နှင့် အပတ်စဉ် ၁၀ အတွက်လည်း တပ်သားသစ်များ ကြိုတင်စုဆောင်းရန် ညွှန်ကြားနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်မှုထမ်းအဖြစ် စုဆောင်းခံရသည့် လူငယ်များ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article