ရန်ကုန်၊ ဧပြီ ၁၆
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဝန်လဲရွာကို အကြမ်းဖက် စစ်တပ်က သင်္ကြန်အတက်နေ့တွင် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၆၀ အရွယ် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် အဖွဲ့မှ ဆရာထွေးနှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယနေ့ ဧပြီလ ၁၆ ရက်နေ့ (သင်္ကြန် အတက်နေ့) မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် စစ်တပ်၏ မိတ္ထီလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ၁ စီးသည် ပေါက်မြို့နယ်၊ ဝန်လဲရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ဝန်လဲကျေးရွာတွင် နေထိုင်သည့် အသက် ၆၀ နှစ်အရွယ် အမျိုးသား ၁ ဦးနှင့် အသက် ၆၀ နှစ်အရွယ် အမျိုးသမီး ၁ ဦးတို့ သေဆုံးကာ ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၆ လုံးလည်း ပျက်စီးခဲ့ကြောင်းသိရှိရသည်။
“စစ်ခွေးတွေက မွန်းလွဲ ၂ နာရီခွဲမှာ ကျဲတာ ပေါက်မြို့နယ်၊ ဝန်လဲရွာထဲကို ကျပြီးတော့ ပြည်သူ ၂ ဦးသေဆုံးတယ်။ ပြည်သူ ထိခိုက်ဒဏ်ရာရတာတွေရှိတယ်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေ ဗုံးကျဲလို့ ဝန်လဲကျေးရွာမှာ နေထိုင်တဲ့ အသက် ၆၀ နှစ်အရွယ် အမျိုးသား ၁ ဦးနဲ့ အသက် ၆၀နှစ်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးတယ်။ ပြည်သူ ၆ ဦးထိခိုက်ဒဏ်ရာရတယ်။ နေအိမ် ၆ လုံး ပျက်စီးသွားတယ် “ဟု အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် အဖွဲ့မှ ဆရာထွေးကပြောဆိုသည်။






