ရန်ကုန်၊ ဧပြီ ၁၆
PSLF/TNLA အနေဖြင့် မင်းအောင်လှိုင်ကို ဂုဏ်ပြုခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းကို ချက်ချင်းရပ်တန့်ပြီး လူထုယုံကြည်မှုကို ပြန်လည်တည်ဆောက်ရန် တအာင်းအရပ်ဖက်အဖွဲ့အစည်းများ ကွန်ယက် – TCSN က ယနေ့ ဧပြီလ ၁၆ ရက်နေ့တွင် ထုတ်ပြန် တိုက်တွန်းလိုက်သည်။
ယမန်နေ့ ဧပြီလ ၁၅ ရက်တွင် PSLF/TNLA က မြန်မာနိုင်ငံ အနှံ့အပြား အရပ်သား ပြည်သူများကို နည်းမျိုးစုံဖြင့် သတ်ဖြတ်ပြီး နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်သည့် အကြမ်းဖက် မင်းအောင်လှိုင် အပေါ် ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့ခြင်းသည် တအာင်းအရပ်ဖက် အဖွဲ့အစည်းများကွန်ယက် – TCSN နှင့် တအာင်းပြည်သူလူထုတို့၏ နိုင်ငံရေး မျှော်မှန်းချက်၊ ရပ်တည်ချက် နှင့် လုံးဝ(လုံးဝ) ဆန့် ကျင်ကွဲလွဲနေကြောင်း အသိပေးထားသည်။
အကြမ်းဖက် မင်းအောင်လှိုင်သည် သမ္မတရာထူး အာဏာရရှိရေးအတွက် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်အပါအဝင် ဒီမိုကရေစီ နိုင်ငံရေးခေါင်းဆောင် အများအပြားကို ဖမ်းဆီးနှိပ်စက်၊ ထောင်ထဲထည့်ခြင်း၊ တအာင်းပြည်သူလူထုများ အပါအဝင် မြန် မာနိုင်ငံရှိ အပြစ်မဲ့ ပြည်သူများအား နိုင်ငံအနှံ့အပြားတွင် သတ်ဖြတ်နေခြင်း၊ လေယာဉ်ဖြင့် နေ့စဉ် မပြတ် ဗုံးကြဲတိုက်ခိုက်ပြီး ကလေးငယ်များအပါအဝင် အမျိုးသမီးများ၊ ပြည်သူများ၏ အသက်အိုး အိမ်စည်းစိမ် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။
လက်ရှိ PSLF/TNLA ခေါင်းဆောင်များမှ ရင်ဆိုင်နေရသော စစ်ရေး၊ နိုင်ငံရေးအကျပ်အတည်းများကို ကိုယ်ချင်းစာနာ နားလည်ပေးနိုင်သော်လည်း အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်အား ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ခြင်းသည် PSLF/TNLA ၏ အခြေအနေအရ နိုင်ငံရေး ရပ်တည်ချက်သာဖြစ်ပြီး TCSN နှင့် ပြည်သူများ၏ နိုင်ငံရေး ရပ်တည်ချက် မဟုတ်ကြောင်း အတိ အလင်း ပြောဆိုထားသည်။
PSLF/ TNLA အနေဖြင့် လက်ရှိတအာင်းဒေသအတွင်းတွင် တာဝန်ထမ်းဆောင်နေသည့် CDM များ၊ တော်လှန်ရေးအတွင်းတွင် ကျဆုံးသွားခဲ့ရသည့် ရဲဘော်များ နှင့် ဒဏ်ရာရနေသည့် ရဲဘော်များ အပါ အဝင် ပြည်သူလူထုများ၏ မျက်နှာများ ကို ထောက်ထားပြီး တော်လှန်ရေး လမ်းကြောင်းပေါ်တွင် မားမားမတ်မတ် ပြန်လည်ရပ်တည် ပေးရန် ၊ အကြမ်းဖက် မင်းအောင်လှိုင်အဖွဲ့များနှင့် ပူးပေါင်း ဆက်သွယ်ခြင်းနှင့် ဂုဏ်ပြုခြင်းကိစ္စရပ်များကို ချက်ခြင်း ရပ်တန့် ပေးပါရန်နှင့် ပြည်သူများနှင့် ယုံ ကြည်မှုများကို ပြန်လည် တည်ဆောက်ပြီး မတူကွဲပြားမှုများမှ ငြိမ်းချမ်းသည့် လူ့ဘောင် အဖွဲ့အ စည်းတည်ဆောက်သွားရန် ဆက်လက် တိုက်တွန်းတောင်းဆိုထားသည်။
တအာင်းအရပ်ဖက်အဖွဲ့အစည်းများကွန်ယက် _ TCSN အနေဖြင့် မျှော်မှန်းထားသည့် ဖက်ဒရယ်ဒီမို ကရေစီ နိုင်ငံတည်ဆောက်နိုင်သည့်အထိ တော်လှန်ပြည်သူများ နှင့် အတူတကွ လက်တွဲသွားမည် ဖြစ်ကြောင်း သဘောထားကို ထုတ်ပြန်ထားသည်။




