26 C
Yangon

မတ္တရာ၊ ထန်းပင်ကုန်း ကျေးရွာရှိ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၂ ဦး အရှင် ဖမ်းမိပြီး လက်နက် ၅ လက်သိမ်းဆည်းရရှိ၊ စစ်ကိုင်းမြို့ တွင် ပျူစောထီး မင်းသူ ပစ်ခတ်ခံရပြီး သေဆုံး

Must read

မတ္တရာ၊ ထန်းပင်ကုန်း ကျေးရွာရှိ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၂ ဦး အရှင် ဖမ်းမိပြီး လက်နက် ၅ လက်သိမ်းဆည်းရရှိ၊ စစ်ကိုင်းမြို့ တွင် ပျူစောထီး မင်းသူ ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာ၌ တပ်စွဲထားသောအကြမ်းဖက်စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး အရှင်ဖမ်းမိပြီး လက်နက် ၅ လက်သိမ်းဆည်းရရှိခဲ့ကြောင်း မန္တလေး PDF တပ်ဖွဲ့က ထုတ်ပြန်သည်။

ဒီဇင်ဘာလ ၁၉ ရက် နံနက် ၉ နာရီခန့်က မတ္တရာမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာ၌ ဝင် ရောက်တပ်စွဲ ထားသော အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦးအရှင်ဖမ်းမိပြီး လက်နက် ၅ လက်နှင့်ခဲယမ်း များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အလားတူ မတ္တရာမြို့နယ်အတွင်းရှိ အခြားသော အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် သပိတ်ကျင်းမြို့နယ် နှင့် နောင်ချိုမြို့နယ်တို့တွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် အကြမ်းဖက် စစ်ကောင်စီအကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်မတော် (မန္တလေး) စစ်ဦးစီးအဖွဲ့က ထုတ်ပြန်ထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ တပ်မ ၃၃ နောက်ကျောဘက်ရှိ ဘီယာဆိုင်တစ်ဆိုင်တွင် ပျူစောထီး မင်းသူ ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာတွင်ပင် သေဆုံးသွားကြောင်း ပြင်ဦးလွင်ခရိုင်ဒရုန်းတပ်ဖွဲ့ (ရတနာပုံတပ်ဦး) တာဝန်ခံ ကိုကီရီက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဒီဇင်ဘာလ ၄ ရက် ညနေ ၄ နာရီခန့်က စစ်ကိုင်းမြို့၊ တပ်မ ၃၃ ၏ နောက်ကျောဘက်၊ တောင်ငူကုန်းရွာထိပ်ရှိ ဘီယာဆိုင်တွင် ဘီယာထိုင်သောက်နေသော အကြမ်းဖက်စစ်ကောင်စီတပ် လက်အောက်ခံ ပျူစောထီး မင်းသူကို ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံးသွား ကြောင်း သိရသည်။

သေဆုံးသူ ပျူစောထီးမင်းသူသည် အခြားအပေါင်းပါများနှင့်အတူ ပြည်သူလူထုအပေါ် အနိုင်ကျင့် ဗိုလ်ကျခြင်း၊ စစ်ကိုင်းမြို့ တွင်းနေပြည်သူများကို ဓားပြတိုက်ခြင်းတို့ လုပ်ဆောင်နေကြောင်း စစ် ကောင်စီအတွင်းရှိ သတင်းပေးမှ တိုင်ကြားလာသဖြင့် ပစ်ခတ်ရှင်းလင်းရခြင်းဖြစ်ကြောင်း အသိပေး ထားသည်။

“အလှူကူလုပ်ပေးတဲ့သူတွေကို ဘီယာလိုက်တိုက်တာလို့ သိရတယ်။ အဲဒီလမ်းတလျှောက်က စခ နယ်မြေပဲ၊ မင်းသူဆိုတာ ဘယ် သူလဲလို့ မေးပြီး ၃ ချက်ပစ်ခဲ့တာ။ စခတွေနဲ့ အပြန်အလှန်ဖြစ်ခဲ့တာ မရှိဘူး။ ပစ်ပြီး တန်းပြန်ဆုတ်လာခဲ့တာ။ ကျနော်တို့တပ်ဖွဲ့အနေနဲ့ စစ်ရေးသတင်းထုတ်ပြန်တာတွေ ရှိသလို သတင်းမထုတ်ပြန်ပဲ စစ်ရေးဖော်ဆောင်နေတာတွေလည်း ရှိပါတယ်” ဟု ပြင်ဦးလွင် ခရိုင် ဒရုန်းတပ်ဖွဲ့ (ရတနာပုံတပ်ဦး) တာဝန်ခံ ကိုကီရီက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ထို့သို့ ပျူစောထီးမင်းသူ ပစ်ခတ်ရှင်းလင်းခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကိုင်း မြို့နယ်၊ တင်းတိပ်ရွာအတွင်း ဝင်ရောက်ပြီး အရပ်သား ပြည်သူ ၄ ဦးကို ဖမ်းဆီးသွားကြောင်း သိရှိရသည်။

အဆိုပါ လုပ်ဆောင်မှုကို ပြင်ဦးလွင်ခရိုင်ဒရုန်းတပ်ဖွဲ့ (ရတနာပုံတပ်ဦး) ၊ Burmese Revolution Force – BRF နှင့် Brave Soldiers Guerilla Force ရဲဘော်များ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ် ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article