မြိုင်မြို့နယ်၊ သရက်ကွ ပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များ တိုက်ခိုက် သိမ်းပိုက်မှု စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုရှိပြီး PDF ရဲဘော် ၂ ဦးကျဆုံး
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကွ ပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များ တိုက်ခိုက် သိမ်းပိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုရှိကြောင်း ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၉ ရက်နေ့မှ စတင်ပြီး မြိုင်မြို့နယ်၊ သရက်ကွ ပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့များ ဝိုင်းဝန်း တိုက်ခိုက် သိမ်းပိုက်နေစဉ် အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိပြီး PDF ရဲဘော် ၂ ဦးလည်း ကျဆုံးခဲ့ကြောင်း သိရသည်။
ယနေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းတွင် တော်လှန်ရေး တပ်ဖွဲ့များက ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်စဉ် ပျူစောထီးရွာအတွင်း တပ်စွဲထားသော စစ်ကောင်စီ တပ်သားအားလုံး တပ်ပျက်၍ ထွက်ပြေး သွားသောကြောင့် တော်လှန်ရေး ရဲဘော်များ ပျူစောထီးရွာတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ရှိချိန်တွင် သရက်ကွ ပျူစောထီးရွာအတွင်း နယ်မြေရှင်းလင်းရေးများ ဆက်လက် လုပ်ဆောင်နေပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား သေဆုံးမှု အရေအတွက်နှင့် လက်နက်ခဲယမ်း သိမ်းဆည်းမှု အခြေအနေကို စစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရသည်။
“ကျန်တော်တို့ တိုက်တုန်းကတော့ ရဲဘော် ၂ ဦး ကျဆုံးတာနဲ့ အကုန်မရခဲ့ဘဲ ဘေးကနေ ဝိုင်းထားပြီးတော့ ထပ်ပြီးပိတ်ဆို့ တိုက်ခိုက်နေချိန် အတွင်းမှာပဲ ဒီကောင်တွေ ဆုတ်သွားတာ စစ်ခွေးသေစာရင်းက ပြန်စစ်ဆေးရအုန်းမယ်။ လက်ရှိက နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသေးတဲ့ အချိန်ပဲ ရှိသေးတယ်။ လက်နက် သိမ်းဆည်းရရှိမှု အခြေအနေတွေလည်း ကျန်တော်တို့ ဆက်လက် ထုတ်ပြန်သွားပါ့မယ်။ ပျူစောထီးရွာကိုတော့ သိမ်းလိုက်ပါပြီ” ဟု ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။