28 C
Yangon

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က သိမ်းပိုက်နိုင်မှု စစ်အာဏာရှင်၏ နေဝင်ချိန် ရောက်ရှိတော့မည်ကို ပြသဟု NUG ယာယီသမ္မတ ပြော၊ စစ်အုပ်စု ပြုတ်ကျရေး အတူ လက်တွဲတိုက်ပွဲဝင်မည်ဟု သန္နိဋ္ဌာန်ပြု

Must read

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က သိမ်းပိုက်နိုင်မှု စစ်အာဏာရှင်၏ နေဝင်ချိန် ရောက်ရှိတော့မည်ကို ပြသဟု NUG ယာယီသမ္မတ ပြော၊ စစ်အုပ်စု ပြုတ်ကျရေး အတူ လက်တွဲတိုက်ပွဲဝင်မည်ဟု သန္နိဋ္ဌာန်ပြု

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

အကြမ်းဖက်စစ်ကောင်စီတပ်၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က အပြီးသတ်သိမ်းပိုက်နိုင်မှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတဒူဝါလရှီးလက ဂုဏ်ယူဝမ်းမြောက်ပြီး စစ်အာဏာရှင်၏ အဆုံးသတ် နေဝင်ချိန် ရောက်ရှိတော့မည်ကို ပြသနေကာ စစ်အုပ်စု အဆုံးသတ် ပြုတ်ကျရေး အတူတကွ လက်တွဲတိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း AA ထံသို့ သဝဏ်လွှာပေးပို့ သန္နိဋ္ဌာန်ပြုလိုက်သည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့ AAအာရက္ခတပ်တော် ခေါင်းဆောင်များ၏ ဦးဆောင်မှုနှင့်အတူ ရဲဘော်ရဲဘက်များ၏ ရဲစွမ်းသတ္တိ အပြည့်ဖြင့် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်မှုများကြောင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိကြောင်း၊ ယခု အောင်ပွဲသည် အရက္ခပြည်သူများ၏ အောင်ပွဲဖြစ်သည်သာကမ စစ်အာဏာရှင် စစ်ကောင်စီဆန့်ကျင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေး တော်လှန်တိုက်ပွဲဝင် နေကြသည့် မြန်မာပြည်သူတရပ်လုံးနှင့် နိုင်ငံတဝန်းရှိ တော်လှန်ရေးအင်အားစုများအားလုံး၏ အောင်ပွဲဖြစ်ပြီး တော်လှန်ရေးစိတ်ဓါတ်ခွန်အားကို အမြင့်မားဆုံးရောက်ရှိစေသည့် အောင်ပွဲဖြစ်ကြောင်း NUG ယာယီသမ္မတက ပြောဆိုသည်။

ယခုကဲ့သို့ ကြီးမားသည့် အောင်ပွဲရရှိဖို့ရာအတွက် အာရက္ခတပ်တော်ခေါင်းဆောင်များ၏ ဦးဆောင်မှု၊ ရဲဘော်ရဲဘက်များ၏ အသက်နှင့် ကိုယ်လက်ခန္ဓာ ပေးဆပ်စွန့်လွှတ်အနစ်နာခံမှု၊ အာရက္ခ ပြည်သူများ၏ ဆင်းရဲဒုက္ခအမျိုးမျိုးကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်မှု၊ စည်းလုံးညီညွတ်မှုများကို မှတ်တမ်းတင် ဂုဏ်ပြု၍ အလေးအမြတ်ပြုကြောင်း၊ ၂၀၂၄ ခုနှစ် ၁ နှစ်တာအတွင်း မြန်မာစစ်တပ်၏ တိုင်းစစ်ဌာနချုပ်ကြီး ၂ ခုကို တော်လှန်ရေးတပ်ဖွဲ့များက တိုက် ခိုက်ချေမှုန်းနိုင်လိုက်သည့် ဖြစ်ရပ်သည် သမိုင်းဝင်အောင်ပွဲများဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ အဆုံးသတ် နေဝင်ချိန် မကြာခင်ရောက်ရှိလာတော့မည်ဆိုသည်ကို ပြသလိုက်ခြင်းဖြစ်ကြောင်း သမ္မတက ဆိုသည်။

အာရက္ခတပ်တော် ခေါင်းဆောင်များ၏ ဦးဆောင်မှုနှင့်အတူ ရခိုင်ပြည်နယ်တခုလုံး စစ်အာဏာရှင် လက်အောက်မှ မကြာမီ လွတ်မြောက်မည်ကို အပြည့်အ၀ ယုံကြည်ပြီး၊ မြန်မာတပြည်လုံး နှင့် ပြည်သူတရပ်လုံး လွတ်မြောက်ရေးအတွက် စစ်အာဏာရှင် စနစ်နှင့် စစ်အုပ်စု အဆုံးသတ် ပြုတ်ကျရေး အတူတကွ လက်တွဲတိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း NUG ယာယီသမ္မတက သန္နိဋ္ဌာန်ပြုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article