ရန်ကုန်၊ ဇန်နဝါရီ ၂၅
ရေးမြို့နယ်၊ သထုံမြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် စစ်ကောင်စီတပ် ဖွဲ့များကို PDF နှင့် KNLA တပ်များက တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာပြင်းထန်ကြောင်း ဒေသကာကွယ်ရေးတပ်များက သတင်းထုတ်ပြန်သည်။
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာနှင့် ပုတိမ်ရိုးကျေးရွာကြား ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက် ၁ နာရီခန့်၌ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၄ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။
မိုင်းဆွဲတိုက်ခိုက်မှုကို KNLA တပ်မဟာ ၁၊ တပ်ရင်း ၂ တပ်ဖွဲ့က လုပ်ဆောင်ခဲ့ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သထုံ PDF ထံမှ သိရှိရသည်။
မိုင်းဆွဲတိုက်ခိုက်ခံရသော စစ်ကောင်စီတပ်ဖွဲ့သည် အနီးပတ်ဝန်းကျင်သို့ ၁၀ မိနစ်ခန့် ရမ်းသန်းပစ်ခတ်ခဲ့ပြီး ကားလမ်းနံဘေးရှိ နေအိမ် ၁ အိမ်မှ ကလေးငယ် ၁ ဦး ခြေထောက် ကျည်ဆံထိမှန်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
အလား ဇန်နဝါရီလ ၂၄ ရက်နေ့ ၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တဂေး ကျေးရွာတွင် နယ်မြေကျူးကျော် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို နယ်မြေခံ KNLA တပ်ရင်း ၁၇ က တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာပြင်းထန်ကြောင်း သိရှိရသည်။
အလားတူ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရန်မျိုးအောင် ရပ်ကွက် သလ္လာဝတီ ၁ လမ်းရှိ ရန်မျိုးအောင် ပျူစောထီးအဖွဲ့၏ ဒုတိယ ခေါင်းဆောင် “ရာဆင်း” ကို YGF အဖွဲ့မှ ဇန်နဝါရီလ ၂၄ ရက်နေ့ ပစ်ခတ် ရှင်းလင်းခဲ့ပြီး အဆိုပါ ပျူစောထီးသေဆုံးမှုကို စစ်ဆေးရန် လာသည့် အဖွဲ့ကို YGF က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီလက်ပါးစေ ရဲ လေးဦး သေဆုံးကာ ၅ ဦးခန့် ဒဏ်ရာရရှိသွားကြောင်း YGF က သတင်းထုတ်ပြန်သည်။
“ပျူ ရာဆင်းကို ညနေ ၃ နာရီ ၄၅ မိနစ်မှာ ပစ်ခတ်ရှင်းလင်းတယ်။ သူ သေလို့ လာစစ်တဲ့ အဖွဲ့တွေကို ကြိုစောင့်ပြီး ၅ နာရီ ၅၀ လောက်မှာ မိုင်းဆွဲ တိုက်ခဲ့တယ်” ဟု YGF အဖွဲ့မှ ရန်ကုန်ခေတ်သစ်သို့ ပြောပြားသည်။
အကြမ်းဖက်စစ်ကောင်စီ၏ စစ်ဆေးရေးအဖွဲ့ကို ရေးမြို့နယ် ၊ ကလော့နှင့် ချောင်းတောင်ကြား ရေသနုတ်ဘုရားအနီးတွင် YGF အဖွဲ့သားများက အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ရဲ ၄ ဦးသေတယ် ကျွန်တော်တို့ မျက်မြင်ပဲ။ နောက် ၅ ဦးက ဒဏ်ရာနဲ့ ထွက် ပြေးသွားတယ်။ တပ်တွင်း ဖရဲသီးတွေ သတင်းပေးအရဆိုရင် ဒဏ်ရာတွေအတော် ပြင်းထန်ကြတယ် စိုးရိမ်ရတယ်ပေါ့။ ည ၁၁ နာရီ ၊ ၁၂ နာရီလောက်မှာမှ သူတို့တွေ ၃ ဦးလောက် ပြန်တွေ့တယ်တဲ့။ ၂ ဦးကတော့ ပျောက်နေဆဲပဲလို့ ပြောပါတယ်” ဟု YGF မှ ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုတွင် YGF အဖွဲ့သားများက တစ်စုံတစ်ရာ ထိခိုက် ကျဆုံးမှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်။
Photo – AFP