ရန်ကုန်၊ ဒီဇင်ဘာ ၂၄
မြန်မာစစ်ကောင်စီက ဥရောပလေကြောင်းကုမ္ပဏီ Airbus ၏ မိတ်ဖက် တရုတ် AVIC ထံမှ လေယာဉ်သစ် ၈ စီး လက်ခံရရှိမှု သည် အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်ရန် အားပေးမှုဖြစ်၍ ရပ်တန့်ရန်လိုအပ်ကြောင်း Justice For Myanmar က တောင်းဆိုလိုက်သည်။
မြန်မာစစ်အုပ်စုက Airbus ၏ မိတ်ဖက် AVIC ထံမှ လေယာဉ်သစ်များ လက်ခံရရှိနေခြင်းမှာ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထား အဆင်ခြင်မဲ့ လေကြောင်းတိုက်ခိုက်မှုများကို အားပေးကူညီခြင်းဖြစ်ကြောင်း၊ ဥရောပလေကြောင်းကုမ္ပဏီကြီး Airbus ၏ ရင်းနှီးမြှုပ်နှံထားသည့် မိတ်ဖက်ကုမ္ပဏီ Aviation Industry Corporation of China (AVIC) က ရောင်းချထောက်ပံ့ ထားသည့် လေယာဉ်အသစ် ၈ စင်းကို မြန်မာစစ်အုပ်စုက ဝယ်ယူအသုံးပြုခဲ့ကြောင်း သိရှိရသည်။
ဒီဇင်ဘာလ ၁၅ ရက်နေ့ ပြုလုပ်ခဲ့သည့် မြန်မာ့လေတပ်နှစ်ပတ်လည်နေ့ အခမ်းအနားတွင် လေယာဉ် အမှတ် ၁၄၁ဥ အဖြစ် Hongdu K-8 အမျိုးအစား အပေါ့စားတိုက်ခိုက်ရေး လေယာဉ်တစ်စင်း၊ အမှတ် (၁၄၀၇၊ ၁၄၁၁၊ ၁၄၁၂ နှင့် ၁၄၁၃) တို့အပါအဝင် FTC-2000G အမျိုးအစား တိုက်ခိုက်ရေးလေယာဉ် အနည်းဆုံး ၆ စင်း၊ အမှတ် ၅၉၂၂ အဖြစ် Shaanxi Y-8 စစ်ဘက်သယ်ယူပို့ဆောင်ရေး လေယာဉ် ၁ စင်း တို့ကို တွေ့ရကြောင်း၊
အဆိုပါလေယာဉ်အမျိုးအစားများကို စစ်အုပ်စုက အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထား၍ အဆင်ခြင်မဲ့ လေကြောင်းတိုက်ခိုက်မှုများတွင် အသုံးပြုလေ့ရှိကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း စစ်အုပ်စုသည် လေကြောင်းတိုက်ခိုက်မှု ထောင်ပေါင်းများစွာအတွင်း အရပ်သားပြည်သူပေါင်း အနည်းဆုံး ၁၇၄၉ ဦးကို သတ်ဖြတ်ခဲ့ပြီး၊ ထိုကျူးလွန်မှုများအတွက် စစ်အုပ်စုသည် အပြစ်ပေးအရေးယူခံရခြင်း လွတ်ကင်းလျက်ရှိကြောင်း JFM က ထောက်ပြသည်။
AVIC လေယာဉ်အသစ်များ ထပ်မံတင်ပို့မှုများက ကုမ္ပဏီအနေဖြင့် စစ်အုပ်စု၏ ကျူးလွန်လျက် ရှိသည့် စစ်ရာဇဝတ်မှုများကို ဆက်လက်အားပေးကူညီနေသည်ကို ပြသနေကြောင်း၊ AVIC တွင် Airbus ၏ ရင်းနှီးမြှုပ်နှံမှုသည် ကြီးလေးသည့် လူ့အခွင့်အရေးဆိုင်ရာသက်ရောက်မှုများ ရှိကြောင်း၊ အထောက်အထားများနှင့် လူထုဝေဖန်ရှုတ်ချမှုများ မြင့်တက်လာနေသော်လည်း Airbus သည် မည်သည့်အမှားအယွင်းမျှ လုပ်ဆောင်ထားခြင်းမရှိသယောင် လူသိရှင်ကြား ငြင်းဆိုနေကြောင်း သိရှိရသည်။
Justice For Myanmar နှင့် Info Birmanie တို့၏ သုတေသနလေ့လာမှုတွင် Airbus နှင့် AVIC တို့ကို ဆက်နွှယ်ပေးနိုင်ခဲ့ပြီး မြန်မာနိုင်ငံအပေါ် ကန့်သတ်ပိတ်ပင်မှုများ ချမှတ်ထားသည့် ဥရောပကောင်စီ ဆုံးဖြတ်ချက် အမှတ် ၄၀၁/၂၀၁၃ ရှိနေသော်လည်း AVIC က ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း အပါအဝင် မြန်မာစစ်အုပ်စုထံ လေယာဉ်အစင်းရေ များစွာကို ပေးပို့ထားကြောင်း သိရှိရသည်။
ထို့ကြောင့် မြန်မာစစ်အုပ်စုထံသို့ စစ်လေယာဉ်များ၊ စစ်လက်နက်များနှင့် လေယာဉ်ထိန်းသိမ်းပြုပြင်မွန်းမံရေးဝန်ဆောင်မှုများ ဆက်လက်ရောင်းချပေးအပ်နေမှုကို ရပ်တန့်စေရေးအတွက် Airbus အနေဖြင့် မိမိတို့၏ ဩဇာလွှမ်းမိုးနိုင်မှုကို အသုံးပြု၍ AVIC ကို တောင်းဆိုသည့် ဆန္ဒပြပွဲများ ဖြစ်ပေါ်လာခဲ့ကြောင်း၊ သို့ရာတွင် မကြာသေးမီက သတင်းထုတ်ပြန်ချက်တွင် Airbus ကုမ္ပဏီက AVIC နှင့် ၎င်းတို့၏ ဆက်ဆံရေး ကို ရပ်ခံကာကွယ်ခဲ့ကြောင်း သိရှိရသည်။
သတင်းထုတ်ပြန်ချက်တွင် “တရုတ်နိုင်ငံပိုင် အရပ်ဘက်လေကြောင်းလုပ်ငန်း၊ လေယာဉ် တည်ဆောက်ရေးလုပ်ငန်းနှင့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီများအုပ်စု” ဟု ဖော်ပြခဲ့ပြီး၊ AviChina Industry & Technology Company Limited (AviChina) တွင် ၎င်းတို့အနေဖြင့် ၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားကြောင်း၊ Airbus အနေဖြင့် AVIC နှင့် ၎င်းတို့၏ ဘဏ္ဍာရေးဆိုင်ရာပိုင်ဆိုင်မှု၊ စီးပွားရေး လုပ်ငန်း ဆက်လက် ဆောင်ရွက်မှုများသည် အရပ်ဘက်လေကြောင်းလုပ်ငန်းနှင့် ဝန်ဆောင်မှုများတွင်သာ အလုံးစုံ ဦးတည်ထားသည်ဖြစ်ကြောင်း ပြောဆိုထားသည်။
AviChina တွင် ရှယ်ယာရှင်ဖြစ်သည်ကြောင့် Airbus သည် ကုမ္ပဏီများအား မိမိတို့စီးပွားရေး ဆက်သွယ်ဆောင်ရွက်မှုများတွင် အလုံးစုံလူ့အခွင့်အရေးဆိုင်ရာတင်ကြိုစိစစ်မှုများ လုပ်ဆောင်ရန် လိုအပ်သည့် နိုင်ငံစုံစီးပွားရေးလုပ်ငန်းကြီးများအတွက် OECD လမ်းညွှန်ချက်များအပါအဝင် စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာစံနှုန်းများကို တာဝန်ခံလုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ Airbus ၏ ရပ်တည်ချက်သည် မြန်မာနိုင်ငံသို့ AVIC ၏ စစ်ဘက်ကုန်စည်များ ပေးပို့မှုကြောင့် ဖြစ်စေခဲ့သည့် လူ့အခွင့်အရေးအန္တရာယ်များနှင့် ကျင့်ဝတ်ဆိုင်ရာစိုးရိမ်စရာများကြောင့် AviChina မှ ရင်းနှီးမြှုပ်နှံမှုများ ရုပ်သိမ်းခဲ့ကြသည့် နော်ဝေအချုပ်အခြာပင်စင်ရံပုံငွေအဖွဲ့၊ ထင်ရှားသော ဒက်ရှ်ရင်းနှီးမြှုပ်နှံသူများ၊ ပင်စင်ရံပုံငွေများအပါအဝင် အခြားသောအဖွဲ့အစည်း ရင်းနှီးမြှုပ်နှံသူများ ၏ အရေးယူဆောင်ရွက်ချက်များနှင့် လုံးလုံးလျားလျား ဆန့်ကျင်ကွားခြားနေကြောင်း JFM က ထောက်ပြထားသည်။
AVIC နှင့် မိတ်ဖက်ဆောင်ရွက်မှုအပေါ် Airbus ၏ ကာကွယ်မှုသည် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများ ကြောင့် ဖြစ်ပေါ်စေမည့် လူ့အခွင့်အရေးထိခိုက်နစ်နာမှုများအတွက် အန္တရာယ်ကို လျော့ချရန် ၎င်းတို့၏ ကတိကဝတ်အပေါ် စိုးရိမ်စရာမေးခွန်းများကို ဖြစ်ပေါ်စေကြောင်း၊ ကျင့်ဝတ်ဆိုင်ရာတာဝန်မှန်သမျှအပေါ် Airbus ၏ လူသိရှင်ကြားငြင်းဆန်မှုသည် မြန်မာနိုင်ငံနှင့် လန်ဒန်တို့မှ ဆန္ဒပြပွဲများအပါအဝင် တာဝန်ခံမှုအား တောင်းဆိုမှုများကို အရှိန်အဟုန်မြင့် စေခဲ့သည်သာမက ရာဇဝတ်အဖွဲ့အစည်းမြန်မာစစ်အုပ်စု ကျူးလွန်သည့် စစ်ရာဇဝတ်မှုများကို အားပေးကူညီသည့် ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံမှုအားလုံးကို အဆုံးသတ်ရေးအတွက် Justice For Myanmar နှင့် Info Birmanie တို့အပါအဝင် နိုင်ငံတကာနှင့် ပြည်တွင်းအရပ်ဘက် အဖွဲ့အစည်း ပေါင်း ၃၀၀ ကျော်တို့က Airbus ၏ စီအီးအိုဖြစ်သူ Guillaume Faury ထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ကြောင်း သိရှိရသည်။
အဆိုပါအိတ်ဖွင့်ပေးစာတွင် Mr. Faury အား “AVIC၊ AviChina ကဲ့သို့သော တိုက်ရိုက်ဆက်နွှယ် ကုမ္ပဏီများနှင့် ဘဏ္ဍာငွေနှင့် မဟာဗျူဟာဆက်နွှယ်မှုများမှတဆင့် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုကြီးများကို အားပေးကူညီခြင်းမရှိစေရန် တာဝန်ယူရေး တောင်းဆိုထားကြောင်း၊ Airbus အနေဖြင့် လူ့အခွင့်အရေးဆိုင်ရာနိုင်ငံတကာစံနှုန်းများကို လိုက်နာမည်ဆိုပါက ၎င်းတို့အနေဖြင့် AVIC အပေါ် ၎င်းတို့၏ ဩဇာလွှမ်းမိုးနိုင်မှုကိုအသုံးပြု၍ AVIC နှင့် AVIC ကုမ္ပဏီခွဲများမှ မြန်မာစစ်အုပ်စုထံ ရောင်းချထောက်ပံ့နေသည့် စစ်လက်နက်များ၊ စစ်လေယာဉ်များနှင့် ပြုပြင်ထိန်းသိမ်းရေးဝန်ဆောင်မှုများကို ရပ်တန့်ရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း တောင်းဆိုထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar