25 C
Yangon

စလင်းမြို့နယ်၊ မြောက်စမ်းကလေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၄၀ ကျော် ပြာကျ၊ စစ်ရှောင် ပြည်သူများ စားနပ်ရိက္ခာနှင့် အနွေးစောင်များ အရေးပေါ် လိုအပ်နေ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

မကွေးတိုင်း၊ စလင်းမြို့နယ်၊ မြောက်စမ်းကလေးရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၄၀ ကျော် ပြာကျပြီး စစ်ရှောင် ပြည်သူများ စားနပ်ရိက္ခာနှင့် အနွေးစောင်များ အရေးပေါ် လိုအပ်နေကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့မှ စတင်ပြီး စလင်းမြို့နယ်၊ တညောင်တိုက်နယ်ရှိ ကျေးရွာများကို ကပစ ၂၁ ၊ ချောက် ၊ ဆိပ်ဖြူ နှင့် ပခုက္ကူတပ်မ ၁၀၁ မှ အကြမ်းဖက် စစ်ကောင်စီ တပ်သား အင်အား ၂ဝဝ ဝန်းကျင်ခန့်က ကပစ ၂၁ နှင့် ကပစ ၂၅ ကို သွယ်တန်းထားသော မီးလိုင်းများ ပြတ်တောက်မည်ကို စိုးရိမ်သောကြောင့် စစ်ကြောင်းထိုး စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် မြောက်စမ်းကလေးရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူများ နေအိမ်များကို ၂ ကြိမ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၄၀ ကျော် ပြာကျကာ လက်ရှိချိန်ထိ ကျေးရွာနေ ပြည်သူများ ရွာလုံးကျွတ် တိမ်းရှောင်နေရဆဲ ဖြစ်သောကြောင့် စားနပ်ရိက္ခာနှင့် အနွေးစောင်များ အရေးပေါ် လိုအပ်နေခြင်းဖြစ်ကြောင်း သိရသည်။

စစ်ဘေးရှောင်ပြည်သူများကို စလင်းမြို့နယ် ပကဖ မှ ဦးဆောင်၍ သွားရောက် လှူဒါန်းမှုများ လုပ်ဆောင်ခဲ့သော်လည်း စားနပ်ရိက္ခာနှင့် အနွေးစောင်များ လိုအပ်လျက်ရှိနေကြောင်း၊ ကျေးရွာနေ ပြည်သူများမှာလည်း လက်ရှိချိန်ထိ ကြောက်လန့်နေပြီး ရွာထဲကို ပြန်လည် ဝင်ရောက်နိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“စစ်ရှောင်ပြည်သူတွေကိုတော့ တော်လှန်ရေး တပ်ဖွဲ့တွေ လှူဒါန်းတာတွေရှိတယ်။ ဒါပေမယ့် လုံခြုံလောက်မရှိတော့ စားနပ်ရိက္ခာတွေနဲ့ အနွေးစောင်တွေ လိုအပ်နေသေးတယ်။ လက်ရှိမှာတော့ ပြည်သူတွေကို နီးစပ်ရာ ရွာတွေကနေ ကူညီနေတာတော့ရှိတယ်။ အကုန်လုံးကို လှူဒါန်းနိုင်တာတော့မရှိသေးဘူး။ ရွာလုံးကျွတ်ရွာထဲကို ပြန်မဝင်နိုင်သေးတာပေါ့။ တချို့ရွာတွေကတော့ ပြန်ဝင်ကျတာတွေတော့ရှိတယ်။ မြောက်စမ်းကလေးရွာက မီးရှို့ခံထားရတဲ့ ရွာလည်းဖြစ်တော့ ပြည်သူတွေ ကြောက်လန့်နေတာလည်း ရှိတယ်” ဟု စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာ ၅ ရွာကျော်မှလည်း ပြည်သူပိုင် ပစ္စည်းများနှင့် စားနပ်ရိက္ခာများကိုလည်း ကားပေါ်တင်၍ ကပစ ၂၁ နှင့် ဆိပ်ဖြူမြို့နယ်ဘက်ကို ခိုးယူသွားပြီးနောက် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ကပစ ၊ တညောင် EPC ရုံး နှင့် ဆိပ်ဖြူဘက်ကို စစ်ကြောင်းများခွဲ၍ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article