ရန်ကုန်၊ မေ ၁၈
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ အင်ဒေါင်းနှင့် ပေးကုန်းကျေးရွာကြား ချောင်းကူးတံတားပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့ မေလ ၁၈ ရက် နံနက်ပိုင်းတွင် Special 9 ထီးချိုင့် PDF နှင့် ထီးချိုင့် ပ.က.ဖ တို့ ပူးပေါင်း မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၈ ဦးမှ ၁၀ ဦးကြား သေဆုံးနိုင်ပြီး အများအပြား ဒဏ်ရာရကြောင်း Special 9 အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
“ဧရာဝတီမြစ်အရှေ့ဘက်ကမ်း ပေကုန်းနဲ့ ကြက်တကောင် ကြားက ချောင်းကူးတံတားမှာ စစ်ကောင်စီတပ်ဖွဲ့ကို ကျနော်တို့ မိုင်းခွဲတာပါ၊ အဲဒီအဖွဲ့က မန္တလေးဘက်ကနေ တက်လာတဲ့ သင်္ဘော ၃ စီးကို အကာအကွယ်ပေးချင်လို့ မြစ်ကြောင်းတလျှောက် စစ်ကြောင်းထိုးလာတဲ့ ပုံစံရှိတယ်” ဟု Special 9 HPDF တပ်ဖွဲ့ဝင် ၁ ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
အင်အား ၁၀၀ ခန့်ပါသော အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် ဝဲကြီးဘက်မှ အင်ဒေါင်း ကြက်တကောင်ဘက်သို့ လာစဉ် ဒေသကာကွယ်ရေးအဖွဲ့များက မိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အလားတူ အကြမ်းဖက်စစ်ကောင်စီက ရိက္ခာများပို့ဆောင်ရာတွင် အသုံးပြုသော စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဉာဏ်ပေါင်ရင်းရွာအနီးရှိ မီးရထားသံလမ်းဂုံးတံတားကို ဒေသကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်သည့် လင်းယုန်နီအဖွဲ့က ဖောက်ခွဲဖြိုချလိုက်ကြောင်း သတင်းရရှိသည်။
အဆိုပါ မီးရထားလမ်းပိုင်းသည် စစ်ကိုင်းတိုင်း ကန့်ဘလူနှင့် ကောလင်းဒေသများအတွက် တပ်ရိက္ခာများပို့ဆောင်ရာတွင် အကြမ်းဖက်စစ်ကောင်စီက အသုံးပြုနေသော ထောက်ပို့လမ်းကြောင်း တခုဖြစ်ကြောင်း သိရှိရသည်။
အလားတူ ယမန်နေ့ နံနက် ၉ နာရီခွဲခန့်တွင် ကရင်နီပြည်နယ်၊ ဖရူဆိုအခြေစိုက် စစ်ကောင်စီ၏ ခမရ ၅၃၁ တပ်ရင်းကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၄ နှင့် KA ပူးပေါင်းအဖွဲ့က ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရကြောင်း KNDF တပ်ရင်း ၄ က သတင်းထုတ်ပြန်သည်။
အဆိုပါ စစ်ကောင်စီတပ်ရင်းက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ကရင်နီပူးပေါင်းတပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။
Photo- Getty Image။